The network connection is lost.

Banner Image

ဂါနာနိုင်ငံ၊ အောက်ခြေလူတန်းစားရပ်ကွက်မှ ပရီးမီးယားလိဂ်ကြယ်ပွင့်ဖြစ်လာဖို့ ဖြတ်သန်းခဲ့ရတဲ့ ကူဒက်စ်ရဲ့ခရီးလမ်း

ကူဒက်စ်က ပရီးမီးယားလိဂ်ကစားသမားဘဝကို အိပ်မက်အဖြစ် သဘောထားရုံမက တကယ်လက်တွေ့ဖြစ်လာအောင်လည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ တော့တင်ဟမ်ရဲ့ပေါင် ၅၅ သန်းတန်ကစားသမားသစ်ဟာ အခုလိုဘဝမျိုးဆီရောက်ရှိနိုင်ဖို့ နာကျင်မှု၊ ဆုတ်ယုတ်ပျက်စီးမှုနဲ့ စိတ်ကူးကြည့်လို့တောင်မရနိုင်တဲ့ ဒုက္ခသုက္ခမျိုးစုံကို ဖြတ်သန်းခဲ့ရပါတယ်။

ကူဒက်စ်က ဂါနာနိုင်ငံ၊ အက်ကရာမြို့တော်ရှိ စရိုက်ကြမ်းတမ်းလှတဲ့ရပ်ကွက်တစ်ခုဖြစ်တဲ့ နီမာမှာ ကြီးပြင်းလာခဲ့ပါတယ်။ ၁၈၀၀ ပြည့်နှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ သွပ်မိုးအိမ်တွေ၊ မှောင်ခိုဈေးကွက်တွေနဲ့ အခွင့်အလမ်းနည်းပါးလှခြင်းဆိုတဲ့ စကားရပ်တွေက ကူဒက်စ်အတွက် အစစ်အမှန်လက်တွေ့ဘဝပဲ ဖြစ်ပါတယ်။

ခါးပတ်နှိုက်ခြင်းနဲ့ ဆင်းရဲမွဲတေမှုတွေကလည်း ကူဒက်စ်ကို ဝန်းရံပေးထားပါတယ်။ ကူဒက်စ်ရဲ့ပထမဆုံးဘောလုံးကလပ်အသင်းဖြစ်တဲ့ Strong Towers ရဲ့ဒုတိယဥက္ကဋ္ဌမိုဟာမက်ဇာကရီက SunSport နဲ့ပြုလုပ်တဲ့ သီးသန့်အင်တာဗျူးအစီအစဉ်တစ်ခုမှာ “ နီမာရပ်ကွက်မှာနေထိုင်တဲ့ ကလေးငယ်တွေအတွက် အခွင့်အလမ်းဆိုတာ ရှားပါးလွန်းတဲ့အရာတစ်ခုပါ။ ဒါကြောင့် ဘောလုံးက သူတို့ကလေးတွေအတွက် လွတ်မြောက်ရာလမ်းတစ်ခု ဖြစ်လာပါတယ်။ ကျွန်တော်တို့ဆီရောက်ရှိလာချိန်တုန်းကလည်း ကူဒက်စ်က စကားတောင် သိပ်မပြောလှပါဘူး။ သူ့ရဲ့အချိန်တွေကို အသင်းဖော်တွေနဲ့သာ ကုန်ဆုံးပြီး သူ့ရဲ့စကားသံတစ်ခွန်းတစ်လေမှ မကြားခဲ့ရပါဘူး။ ဒါပေမဲ့ ဒီလိုနှုတ်ဆိတ်နေမှုက သူနဲ့ပတ်သက်လို့ နည်းနည်းတော့ ထူးခြားစေခဲ့ပါတယ်”လို့ ပြောပါတယ်။ 

ကူဒက်စ်က မနက်ပိုင်းမှာ ကျောင်းသွားရပြီး ကျောင်းလွှတ်ချိန်မှာတော့ မွန်ထရီရယ်ပန်းခြံဆီ ပြေးလာတက်ပါတယ်။ အဲ့ဒီအချိန်တုန်းက အက်ကရာမြို့ရဲ့အမျိုးသားဗလီဆီ သွားရောက်မယ့် လမ်းဖောက်လုပ်ဖို့အတွက် ဘူဒိုဇာတွေကို အသုံးပြုထားလို့ ပန်းခြံအနီးတဝိုက်မှာ ဖုန်မှုန့်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
ဒီပန်းခြံဆီ သူရောက်ရှိလာချိန်မှာတော့ ဆာလောင်မှုတွေလည်း ကြီးထွားလာနေပါပြီ။

ဇာကရီက “ သူ့ကို ကျွန်တော်တို့ရှာဖွေတွေ့ရှိခဲ့ပုံက မနေ့တနေ့ကလိုပဲ စိတ်ထဲမှာ မှတ်မိနေပါသေးတယ်။ သူ့အတွက် အရမ်းကောင်းတဲ့အချက်ပါ။ အဲ့ဒီတုန်းက ကျွန်တော်တို့အသင်းမှာ ကိုယ်ပိုင်အကယ်ဒမီမရှိလို့ Right to Dream အကယ်ဒမီနဲ့အတူ ဘောလုံးပွဲတွေကို စီစဉ်ခဲ့ပါတယ်။ ဒီနေရာမှာပဲ ကျွန်တော်တို့တွေ ကူဒက်စ်ကို တွေ့ရှိခဲ့တာပါ”လို့ ဆက်ပြောပါတယ်။

အသက်-၁၃ နှစ်အရွယ်သာရှိသေးတဲ့ ကူဒက်စ်ကို Right to Dream အကယ်ဒမီက ခေါ်ယူထားပေမယ့် ဒီနေရာမှာလည်း အရာအားလုံး မချောမွေ့နေပါဘူး။ Right to Dream အကယ်ဒမီမှာ ကူဒက်စ်ရဲ့ပထမဆုံးနည်းပြဖြစ်ခဲ့တဲ့ ဒီဒီ ဒီယာမန်နီက “ ကူဒက်စ်ဟာ အလွန်ရှက်တက်ပါတယ်။ သူ့ကို စိတ်ပိုင်းဖြတ်မှုအလွန်ကောင်းမွန်တဲ့ ဘောလုံးသမားတစ်ဦးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့စောင့်ကြည့်မှုအောက်မှာ သူ ကာလတစ်ခုကြာရှိနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ဒေသခံအသင်းနဲ့ ကျွန်တော်တို့ မကစားခင်အချိန်အထိ သူ့ကိုခေါ်ယူဖို့ မဆုံးဖြတ်ထားခဲ့ပါဘူး။ ပွဲစဉ်ကစားပြီးချိန်မှာတော့ သူ့ကို ခေါ်ယူဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲ့ဒီတုန်းက ကူဒက်စ်ဟာ အသက် ၁၃ နှစ်၊ ၁၄ နှစ်လောက်ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်က သူတို့လေးတွေကို ဘောလုံးသမားအဖြစ်သာမက လူကောင်းသူကောင်းလေးတွေ ဖြစ်လာစေဖို့ပါပဲ။ အခြားဆယ်ကျော်သက်လေးတွေလိုပဲ သူနဲ့ ပထမဆုံးအကြိမ်တွေ့လိုက်ရတဲ့အခိုက်အတန့်ကို ကျွန်တော် မှတ်မိနေပါတယ်။ ကျွန်တော်တို့အကြိုက်ဖြစ်အောင်လုပ်သွားဖို့အတွက် သူ စိတ်အားထက်သန်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ကူဒက်စ်နဲ့ပတ်သက်လို့ သိသာထင်ရှားတဲ့အချက်တစ်ခုပဲ ရှိခဲ့ပါတယ်။

ဒါကတော့ အသင်းလိုက်လေ့ကျင့်နေတဲ့ဖြစ်စဉ်တစ်ခုမှာ သူ့ရဲ့လက်မအရိုး ကျိုးသွားတာပါပဲ။ အဲ့ဒီအခိုက်အတန့်မှာ လက်မအရိုးကျိုးနေတာတောင် ဘောလုံးဆက်ကစားနေတဲ့ ကူဒက်စ်ရဲ့စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တည်ငြိမ်မှု ဘယ်လောက်အထိရှိနေသလဲဆိုတာကို ကျွန်တော် တွေ့ရှိခဲ့ပါတယ်”လို့ SunSport နဲ့ပြုလုပ်တဲ့ သီးသန့်အင်တာဗျူးအစီအစဉ်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

Right to Dream အကယ်ဒမီမှာ ကူဒက်စ်ရဲ့အရည်အသွေးတွေ ပေါ်လွင်ထင်ရှားနေပေမယ့် သူ အမှန်တကယ်ကစားရမယ့်နေရာနဲ့ပတ်သက်လို့ ရှုပ်ထွေးမှုတွေလည်း ရှိခဲ့ပါတယ်။ သီတင်းပတ်တစ်ခုအတွင်း ကူဒက်စ်က Box to Box ကစားခဲ့ရသလို နောက်ပိုင်းမှာလည်း တောင်ပံထွက် ကစားခဲ့ရပါတယ်။ နေရာစုံကစားနိုင်စွမ်းရှိသူဖြစ်ပေမယ့် နောက်ဆုံးမှာတော့ အကောင်းဆုံးနေရာရှာတွေ့ဖို့ အချိန်ယူခဲ့ရပါတယ်။

Right to Dream အကယ်ဒမီရဲ့ ဒိန်းမတ်အခြေစိုက်ညီအစ်မကလပ်အသင်းဖြစ်တဲ့ နော်ဂျေလန်းဆီမှ ကမ်းလှမ်းမှုကို ရရှိလာချိန် ကူဒက်စ်တစ်ယောက် အထုပ်အပိုးတွေ ပြင်ဆင်လာခဲ့ပါတယ်။ ဒါပေမဲ့ ကူဒက်စ်အတွက် စိန်ခေါ်မှုက ကွင်းတွင်းမှာမဟုတ်ခဲ့ပါဘူး။ အေးမြတဲ့ရာသီဥတု၊ ထူးဆန်းတဲ့အစားအစာတွေအပြင် မိသားစုမိတ်ဆွေတစ်ဦးမှမရှိတာတွေအထိ ကစားသမားအတွက် စိန်ခေါ်မှု ဖြစ်လာခဲ့ပါတယ်။

ဒီယာမန်နီက “ အကောင်းဆုံးအချိန်မရောက်လာခင် အခက်ခဲဆုံးကာလကို ကျော်ဖြတ်ရလိမ့်မယ်လို့ ကူဒက်စ်ဆီ ကျွန်တော်ပြောပြခဲ့တာ မှတ်မိနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ပြောနိုင်ခဲ့တဲ့တစ်ခုတည်းသောအရာက မင်းဘယ်နေရာမှလာခဲ့တာဖြစ်ဖြစ်၊ လက်မအရိုးကျိုးနေချိန် ဘောလုံးကစားခဲ့တာကို ပြန်အမှတ်ရပြီး နည်းပြက ကိုယ့်အတွက် ပွဲကစားချိန် ငါးမိနစ်ပေးလာရင် ၁၀ မိနစ်နဲ့ထိုက်တန်ကြောင်း ပြသဖို့ဆိုတာပဲ ဖြစ်ပါတယ်။

ပွဲကစားချိန် ၁၀ မိနစ်ရလာရင် မိနစ် ၂၀ အထိရရှိအောင် ကြိုးစားသွားရပါမယ်။ ဥရောပမှာတော့ ကိုယ်လုပ်သမျှ အကျိုးခံစားခွင့် ရရှိပါလိမ့်မယ်။ ဒိန်းမတ်မှာ သူက အံ့ဖွယ်ခြေစွမ်းပြသခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အေဂျက်စ်က သူ့ကို ခေါ်ယူခဲ့ပါတယ်”လို့ ပြောပါတယ်။

အေဂျက်စ်ဆီပြောင်းရွှေ့မှုက သူ့ကို ပရီးမီးယားလိဂ်အိပ်မက်နဲ့ ပိုမိုနီးစပ်စေခဲ့ပါတယ်။ ဒါပေမယ့် မြင်တွေ့နေရတဲ့အရာရာတိုင်းက နောက်တစ်ကြိမ် ပြိုလဲကျသွားပြန်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ အဲဗာတန်က ကူဒက်စ်အတွက် လေးလေးနက်နက်ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကူဒက်စ်ကိုယ်တိုင်လည်း ဒီကမ်းလှမ်းမှုကို လက်ခံပြီး ဖရန့်လမ်းပတ်လက်အောက် ကစားရတော့မယ်လို့ ယူဆခဲ့ပေမယ့် အပြောင်းအရွှေ့ကမ်းလှမ်းမှုကိုလက်ခံပေးဖို့ အေဂျက်စ်ဘက်မှ ငြင်းဆန်သွားခဲ့ပါတယ်။

အဲ့ဒီလိုနဲ့ အပြောင်းအရွှေ့ဟာ ပျက်ပြယ်သွားပြီး အဆိုးဆုံးအဖြစ် အသင်းလူစာရင်းမှ ဖယ်ရှားခံလိုက်ရပါတယ်။ ဒါပေမဲ့ ကူဒက်စ်က မညည်းညူခဲ့သလို ကလန်ကဆန်လည်း မလုပ်ခဲ့ပါဘူး။ အဲ့ဒီကာလ၊ ဒတ်ချ်ပြည်တွင်းမီဒီယာတစ်ခုနဲ့တွေ့ဆုံချိန် ကူဒက်စ်က “ အဲဗာတန်ရဲ့ကမ်းလှမ်မှုအပေါ် အေဂျက်စ်ပိတ်ပင်လိုက်မှုက ကျွန်တော့်အတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာမကစားဖူးတာကြောင့် ကိုယ့်ရဲ့ကစားသမားခရီးလမ်းအတွက် ကဏ္ဍသစ်ဖွင့်လှစ်ဖို့ အချိန်ရောက်ပြီလို့ တွေးမိခဲ့ပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့ဈေးကွက်ပိတ်သွားချိန်မှာတော့ ကျွန်တော်က အေဂျက်စ်အတွက်ပဲ အပြည့်အဝအာရုံစိုက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ဒါက ကူဒက်စ်ကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့ စကားရပ်မျိုး ဖြစ်ပါတယ်။ သူက စက်ဘီးတစ်စီးနဲ့တူညီတဲ့ ဘဝမှာ ဟန်ချက်ညီမှုကိုထိန်းသိမ်းသွားဖို့ တစ်ခုတည်းသောနည်းလမ်းဟာ ဆက်ကြိုးစားနေဖို့ပဲဖြစ်တယ်လို့ ယုံကြည်ထားခဲ့ပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းအသင်းရဲ့ကြိုးပမ်းမှုတစ်ခုကို ရရှိလာချိန်မှာတော့ သူက အရှေ့လန်ဒန်အရပ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကူဒက်စ်ရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝအဖွင့်ဘောလုံးရာသီက စိတ်လှုပ်ရှားဖွယ်ကောင်းခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး ၁၄ ဂိုးအပါအဝင် ဂိုးပါဝင်ပတ်သက်မှု ၂၀ ကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဘိုင်စကယ်ကစ် နှစ်ကြိမ်အပါအဝင် ဖရိုင်းဘတ်နဲ့ဥရောပအဆင့်ပွဲစဉ်မှာ အံ့အားသင့်ဖွယ်တစ်ဦးချင်းကျော်ဖြတ်နိုင်မှုတို့ကိုလည်း ပြသနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယမြောက်ဘောလုံးရာသီမှာတော့ ငါးဂိုးသာ သွင်းယူနိုင်မှုနဲ့အတူ အရာအားလုံး ပြန်လည်မှေးမှိန်သွားပါတယ်။ လိဂ်ရဲ့တစ်ဦးချင်းကျော်ဖြတ်နိုင်မှုအများဆုံးကစားသမားဖြစ်နေခဲ့ချိန်မှာတောင် ရှေးယခင်လို တက်ကြွမှုအပြည့်ရှိတဲ့တိုက်စစ်မှူးတစ်ဦးပုံစံမျိုး မဖြစ်လာခဲ့ပါဘူး။

ဒါပေမဲ့ နီမာရပ်ကွက်မငြိမ်သက်မှုတွေကြား ကြီးပြင်းလာတဲ့၊ ဒိန်းမတ်အအေးဒဏ်ကို ကြံ့ကြံ့ခံကျော်လွှားခဲ့တဲ့၊ အမ်စတာဒမ်မှာ ကြေကွဲမှုတစ်ခုအပြီး လမ်းကြောင်းမှန်ပြန်ရှာဖွေနိုင်ခဲ့တဲ့ ကောင်လေးတစ်ဦးအတွက် တော့တင်ဟမ်ဆီပြောင်းရွှေ့မှုနဲ့အတူ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ အခွင့်အလမ်းနဲ့ ပလက်ဖောင်းတစ်ခု ရရှိလာလိမ့်မယ်ဆိုတဲ့ယုံကြည်မှုမျိုး ပေါ်ပေါက်လာခဲ့ပါတယ်။

တော့တင်ဟမ်အတွက်လည်း မှန်ကန်တဲ့ပတ်ဝန်းကျင်တစ်ခုမှာ ကမ္ဘာ့အဆင့်ဖြစ်ကြောင်း သက်သေပြနိုင်တဲ့ ကစားသမားတစ်ဦး၊ ပွဲစဉ်တွေရဲ့ရလဒ်ပိုင်းကို လုံးဝပြောင်းလဲပေးနိုင်သူတစ်ဦးကို အမိအရခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ခရီးရှည်ကြီးကို ဖြတ်သန်းလာရတဲ့ကူဒက်စ်အတွက်  အခုအချိန်မှာ ချန်ပီယံလိဂ်အဆင့်အထိ သူ့ရဲ့ခြေစွမ်းကို ထုတ်ပြသွားနိုင်မယ့် အခွင့်အလမ်းလည်း ရှိလာပါပြီ။