The network connection is lost.

Banner Image

ဖူဆယ်ကစားသမားဘဝကို စွန့်လွှတ်ပြီးနောက် သရဲနီတိုက်စစ်ဦးဆောင်သူဖြစ်လာဖို့ ကွန်ဟာဖြတ်သန်းခဲ့တဲ့ ခရီးလမ်း

ကွန်ဟာက မန်ချက်စတာယူနိုက်တက်အတွက် ငွေကြေးအမြောက်အများသုံးစွဲရတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ လာမယ့်ဘောလုံးရာသီသစ်မှာတော့ သရဲနီပရိသတ်တွေကိုယ်တိုင် ပြောင်းရွှေ့ကြေးပေါင် ၆၂ ဒဿမ ၅ သန်းတန်တိုက်စစ်မှူးသစ်ရဲ့ခြေစွမ်းကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ စောင့်ကြည့်သွားပါလိမ့်မယ်။

အင်္ဂလန်အမှတ်ပေးချန်ပီယံဆုကို အကြိမ် ၂၀ တိတိရယူခဲ့ဖူးတဲ့အသင်းရဲ့ ရာစုနှစ်ဝက်တာကာလအတွင်း အဆိုးဝါးဆုံးဘောလုံးရာသီအလွန် နည်းပြအာမိုရင်လက်ထက် ပထမဆုံးခေါ်ယူတဲ့ အဓိကကစားသမားသစ် ဖြစ်လာပြီးနောက် ရဲရင့်တဲ့ဘရာဇီးသားရဲ့မန်ချက်စတာယူနိုက်တက်ခရီးစဉ်ကို ကြီးမားတဲ့ဖိအားတွေက ကြိုဆိုနေပါတယ်။ အိုးထရက်ဖို့ဒ်ဆီ ရောက်ရှိလာဦးမယ့် ကစားသမားသစ်တွေ အများကြီးရှိနေပါသေးတယ်။ ဒါပေမဲ့ ကွန်ဟာကို ၁၉၉၂ ခုနှစ်၊ လိဒ်ယူနိုက်တက်မှပြောင်းရွှေ့လာတဲ့ အဲရစ်ကန်တိုနာနဲ့ နှိုင်းယှဉ်သုံးသပ်သူအချို့ ရှိလာခဲ့ပါပြီ။

အခုလိုဘာကြောင့်နှိုင်းယှဉ်ကြသလဲဆိုတော့ ဒီကစားသမားနှစ်ဦးလုံးက ဘောလုံးကို ဖြတ်ထိုးဉာဏ်သုံးပြီး ကျွမ်းကျင်မှုနဲ့ပေါင်းစပ်ကာ ကစားတတ်လို့ပဲ ဖြစ်ပါတယ်။ ပြင်သစ်လူမျိုးကန်တိုနာက ပရီးမီးယားလိဂ်အဖွင့်ရာသီမှာပဲ ယူနိုက်တက်တို့ ၂၆ နှစ်ကြာစောင့်ဆိုင်းခဲ့ရတဲ့ အမှတ်ပေးချန်ပီယံအောင်ပွဲအတွက် အဓိကမောင်းနှင်အား ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူက ပြိုင်ဘက်ကင်းအောင်မြင်တဲ့ခေတ်တစ်ခုကိုလည်း တည်ဆောက်နိုင်ခဲ့ပါတယ်။

ကွန်ဟာကိုလည်း ကန်တိုနာလိုပဲ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားသူမရှိပေမယ့် ဘရာဇီးသားကို အင်္ဂလန်ရဲ့အကြီးမားဆုံးအသင်းမှာ ပရိသတ်စိတ်ကြိုက်အစွမ်းပြနိုင်မယ့်သူအဖြစ် သရဲနီနည်းပြအာမိုရင် ယုံကြည်ထားခဲ့ပါတယ်။ နည်းပြကိုယ်တိုင်လည်း အခုတိုက်စစ်ပိုင်းအတွက် ခေါ်ယူမှုကို သရဲနီပရိသတ်တွေ သဘောကျလိမ့်မယ်လို့ ယူဆနေပါတယ်။

ကွန်ဟာက အသက်-၁၄ နှစ်အရွယ်မှာ နည်းပြစီဆာဘူအီနိုဦးဆောင်တဲ့ ကိုရီတီဘာလူငယ်အသင်းဆီ ရောက်ရှိလာပြီး ချက်ချင်းဆိုသလို အများရဲ့အာရုံစိုက်မှုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ဖူဆယ်ဘောလုံးလောကမှာ အတော်လေးတောက်ပနေခဲ့တဲ့ ကွန်ဟာက ကွင်းကြီးပွဲစဉ်ကို လုံးဝမကစားဖူးပေမယ့် ဘူအီနိုကတော့ ချက်ချင်းဆိုသလိုပဲ အခွင့်အရေးပေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပထမပိုင်းနေ့ရက်မှစတင်ပြီး ကွင်းတွင်းအတွေ့အကြုံရင့်ကစားသမားကဲ့သို့ ဂိုးမုဆိုးတစ်ဦးဖြစ်လာဖို့အတွက် အရည်အသွေးတွေ ကွန်ဟာမှာ အပြည့်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ဘူအီနိုကိုယ်တိုင်နားလည်ထားခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့်သာ ကွန်ဟာတစ်ယောက် အခုလိုအမြင့်ဆုံးအဆင့်အတန်းဆီ တက်လှမ်းလာနိုင်ခဲ့တာပါ။

အသက်-၁၈ နှစ်ပြည့်မြောက်ပြီးနောက် ကွန်ဟာက မွေးရပ်မြေကိုစွန့်ခွာကာ ဆွစ်ပြည်တွင်းကလပ် စီယွန်နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့က အောင်မြင်မှုရခဲ့တယ်ဆိုတာကို သိပ်မကြာခင်မှာပဲ မြင်တွေ့လာရပါတယ်။ ကွန်ဟာက သူ့ရဲ့ဆွစ်ဇာလန်ပြည်တွင်းကစားသမားဘ၀ အဖွင့်ရာသီမှာပဲ ၁၀ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့ပြီးနောက် နှစ်နှစ်အတွင်းမှာပင် လိုက်ပ်ဇစ်ရဲ့စိတ်ဝင်စားမှုကို ကြီးကြီးမားမားစွဲဆောင်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘရာဇီးသားက စိန်ခေါ်မှုအသစ်တွေကို လက်ခံရယူဖို့ ဂျာမန်မြေဆီ ထွက်ခွာလာခဲ့ပါတယ်။

ဒီတစ်ကြိမ်တိုက်စစ်မှူးရဲ့အပြောင်းအရွှေ့က ထင်ထားသလောက် နာမည်မကြီးလာခဲ့ပါဘူး။ လိုက်ဇ်ပစ်နဲ့အတူ စိတ်ပျက်ဖွယ် ၁၈ လတာကာလကို ဖြတ်သန်းပြီးနောက် ဟာသာဘာလင်ဆီ ပြောင်းရွှေ့လာပြီး ခြေစွမ်းအနည်းငယ် ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်နွေရာသီကာလမှာ ကွန်ဟာက ဘရာဇီးနဲ့အတူ အိုလံပစ်ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက တိုက်စစ်မှူးက အန်တိုနီနဲ့တွဲဖက်ကာ ဂျပန်မြေမှာတောက်ပခဲ့ပြီး အရေးပါတဲ့ဂိုးအချို့ကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ သူ့ကို အက်သလက်တီကိုမက်ဒရစ်က ပြောင်းရွှေ့ကြေးငွေလုံးငွေရင်းပမာဏ ကြီးကြီးမားမားအသုံးပြုကာ စပိန်နိုင်ငံရဲ့မြို့တော်ဆီ အရောက်ခေါ်ယူခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကွန်ဟာ ခြေလှမ်းမှားခဲ့ပြီး ကစားသမားဘဝအနာဂတ်အတွက် ဆိုးဝါးတဲ့အရိပ်လက္ခဏာတစ်ခုကို မြင်တွေ့လာရပါတယ်။ ဒါကြောင့်ပဲ ဝုဗ်က သူ့ကို အင်္ဂလန်မြေဆီခေါ်ယူဖို့ မဝံ့မရဲဖြစ်သွားပါတယ်။

ဝုဗ်က ကွန်ဟာကို ကနဦးအငှားဖြင့်သာ ခေါ်ယူခဲ့ပေမယ့် နောက်ပိုင်းမှာ အပြီးသတ်ခေါ်ယူပြီး မိုလီနက်စ်ရဲ့ ကြယ်ပွင့်တစ်ဦးအဖြစ် ချီးမြှောက်ပေးခဲ့ပါတယ်။ လတ်တလောမှာတော့ ကစားသမားရဲ့လက်ဦးဆရာဖြစ်သူ ဘူအီနိုက အသက်-၂၆ နှစ်အရွယ် ကွန်ဟာကို အိုးထရက်ဖို့ဒ်မြေမှာ ဆက်လက်တောက်ပလာဦးမယ်လို့ ယုံကြည်နေပါတယ်။ 

ဘူအီနိုက “ ကွန်ဟာကိုယ်တိုင်လည်း မန်ချက်စတာယူနိုက်တက်မှာ အဓိကကစားသမားတစ်ဦးအဖြစ် ဖိအားဒဏ်ခံနိုင်ဖို့ လိုအပ်ပါတယ်။ အသင်းဘက်ကလည်း သူ့ကို ဂရုစိုက်ပေးရပါမယ်။ ဘယ်သူမဆို ကျော်ကြားလာပြီဆိုရင် ဖိအားတွေ ရောက်ရှိလာပါတယ်။ ကွန်ဟာက မာနမကြီးပေမယ့် အသင်းကိုဦးဆောင်သူတစ်ဦးအဖြစ် အကောင်းဆုံးအဆင့်အတန်းမှာ ရှိနေဖို့ လိုအပ်ပါတယ်။

ဒီလိုမှမဟုတ်ရင်တော့ သူလည်း တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါကြောင့်ပဲ လိုက်ပ်ဇစ်၊ အက်သလက်တီကိုမက်ဒရစ်တို့မှာ ကွန်ဟာ မအောင်မြင်ခဲ့တာပါ။ သူကိုယ်တိုင်လည်း ဦးဆောင်သူတစ်ဦးဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုး မရရှိခဲ့ပါဘူး။ ကွန်ဟာက ရည်မှန်းချက်မြင့်မားပြီး မိမိကိုယ်ကိုယ်ယုံကြည်မှုလည်း ရှိပါတယ်။ သူက အဓိကဇာတ်ဆောင်ပဲ ဖြစ်ချင်ပါတယ်။

ကလပ်အသင်းတစ်ခုကသာ ကွန်ဟာကို အဓိကကစားသမားတစ်ဦးအဖြစ် လက်ခံလိုက်မယ်ဆိုရင် သူ့ရဲ့တုံ့ပြန်ပုံတွေ အရမ်းကောင်းလာပါလိမ့်မယ်။ သူ့ရဲ့အကောင်းဆုံးပုံစံဆီ အဲ့ဒီလိုအချိန်မျိုးမှာ ရောက်ရှိတာပါ။ အဲ့ဒီလိုအချိန်မျိုးမှာ သူ့ကို ရပ်တန့်လို့မရတော့ပါဘူး။ ဒါကို ဟာသာဘာလင်လည်း နားလည်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဟာသာဘာလင်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာပါ။ ဝုဗ်မှာလည်း အလားတူပါပဲ။

အဓိကကစားသမားအဖြစ် တာဝန်ယူရမယ့်အချိန်မျိုးမှာ ကွန်ဟာရဲ့အကောင်းဆုံးအရည်အသွေးတွေ ထွက်ပေါ်လာလေ့ရှိပါတယ်။ ဘရာဇီးသားကစားသမားအများစုက နည်းစနစ်ပိုင်းအရမ်းကောင်းပေမယ့် စိတ်ဓါတ်ပိုင်းမှာ အားနည်းကြပါတယ်။ ကွန်ဟာကတော့ စိတ်ဓါတ်ပိုင်း အတော်လေးမာကျောပါတယ်။ ဒါကြောင့်ပဲ သူက အင်္ဂလန်လိဂ်မှာ ကောင်းကောင်းအသားကျနေခဲ့တာပါ။

အခုတော့ ကွန်ဟာမှာ ပိုပြီးကြီးမားတဲ့ကလပ်အသင်းတစ်ခုဆီ ရောက်ရှိသွားမှုနဲ့အတူ ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာဖို့အတွက် အခွင့်အလမ်းကောင်း ရှိနေပါတယ်။ နောက်ထပ်ပိုအရေးကြီးတဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အဲ့ဒီကလပ်အသင်းမှာ ကွန်ဟာကိုယ်တိုင်လည်း ဆုဖလားတွေ ဆွတ်ခူးနိုင်ပါတယ်”လို့ ပြောပါတယ်။