ပေါင်ငါးသိန်းတန် Lamborghini မှ ဂန္တဝင် BMW အထိ ရှိနေတဲ့ ချဲလ်ဆီးကြယ်ပွင့်ရောဘတ်ဆန်းချက်ဇ်ရဲ့ အမိုက်စားမော်တော်ကားစုဆောင်းမှု
ပရီးမီးယားလိဂ်ကမ္ဘာရဲ့မော်တော်ကားစုဆောင်းမှုက အမိုက်စား Lamborghini တွေ၊ မြန်နှုန်းမြင့် Ferrari တွေ၊ ခန့်ထည်လွန်းလှတဲ့ Marcedes G-Wagon တွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါပေမဲ့ ရောဘတ်ဆန်းချက်ဇ်ကတော့ တမူထူးခြားလှတဲ့ သူ့ရဲ့မော်တော်ကားစုဆောင်းမှုနဲ့အတူ ပရိသတ်တွေကို စွဲဆောင်နေပါတယ်။
ပရီးမီးယားလိဂ်ရဲ့ထိပ်တန်းကစားသမားလေးဦးဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ဟာလန်း၊ ကိုးလ်ပယ်လ်မာ၊ မိုဆာလက်နဲ့ ဆာကာတို့က အင်္ဂလန်မြေရဲ့အမိုက်စားမော်တော်ကားစုဆောင်းသူစာရင်းမှာ ပါဝင်နေပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးဂိုးသမားပိုင်ဆိုင်ထားတဲ့ မော်တော်ကားတွေကလည်း မော်တော်ယာဉ်ချစ်သူတွေအတွက် သွားရည်ယိုစရာ ဖြစ်ပါတယ်။
ချဲလ်ဆီးနံပါတ်-၁ ဂိုးသမားက ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းအပြင်ဘက်၊ အမှတ်တရလက်မှတ်ရေးထိုးဖို့ စောင့်ဆိုင်းနေချိန် သူစီးနင်းလာတဲ့မော်တော်ကားကြောင့် အများရဲ့အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။ စပိန်ဂိုးသမားက ကလပ်အသင်းလေ့ကျင့်ရေးကွင်းဆီ ဂန္တဝင်မြောက် BMW e30 325i မော်တော်ကားကို မောင်းနှင်လာခဲ့ပြီး ဒါက ခေတ်မီ Telsa သို့မဟုတ် Lamborghini တို့ကိုသာ စီးနင်းလေ့ရှိတဲ့ ကစားသမားအများစုနဲ့ အတော်လေးကွာခြားနေပါတယ်။
သူ့ရဲ့၁၉၈၈ ခုနှစ်ထုတ် BMW မော်တော်ကားက 2.5 Litre အင်ဂျင်တစ်လုံးတပ်ဆင်ထားပြီး သူ့လို အရပ် ၆ ပေ ၆ လက်မအမြင့်ရှိ လူတစ်ယောက်အတွက် ကျယ်ကျယ်ဝန်းဝန်းသိပ်မရှိနိုင်ပေမယ့် ဂန္တဝင်မြောက်တဲ့ရွေးချယ်မှုတစ်ခုဖြစ်လို့ မော်တော်ကားဝါသနာအိုးတွေရဲ့ချီးကျူးမှု ရရှိခဲ့ပါတယ်။ ဂန္တဝင်မော်တော်ကားတွေရဲ့တန်ဖိုးကို အကဲဖြတ်သတ်မှတ်ပေးနေတဲ့ ဗြိတိန်အခြေစိုက်၊ The Class Valuer ရဲ့အဆိုအရ BMW e30 325i က ပျှမ်းမျှဈေးနှုန်းပေါင် ၈၈,၀၀၀ ဝန်းကျင်ရှိပြီး သာမန်ထက်ပိုကောင်းတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပါတယ်။
BMW e30 325i မော်တော်ယာဉ်ကို အခြားထင်ရှားသူတွေဖြစ်တဲ့ Tyler, The Creator, Frank Ocean, Travis Scott, ချဲလ်ဆီးဖန် Jack Harlow နဲ့ Fast and Furious ရဲ့ကွယ်လွန်သူဂန္တဝင်ကြီး ပေါလ်ဝေါ်ကာတို့လည်း မောင်းနှင်စီးနင်းကြပါတယ်။ ဒါပေမဲ့ ဒီဂန္တဝင်မြောက်မော်တော်ယာဉ်က ဆန်းချက်ဇ်ရဲ့စုဆောင်းမှုတွေအနက်တစ်ခုတည်းသော အလှတရား မဟုတ်ပါဘူး။
သူက ဂျပန်ပြည်တွင်းထုတ်စွမ်းဆောင်ရည်မြင့်အမျိုးအစား(JDM)တွေကို ကြိုက်နှစ်သက်ပြီး မော်တော်ကားဝါသနာရှင်တွေရဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ Nissan Skyline R34 GT-R V-spec မော်တော်ကားတစ်စီးကိုလည်း ထုတ်ကြွားခဲ့ပါသေးတယ်။ ပေါလ်ဝေါ်ကာက Fast and Furious ရုပ်ရှင်တွေထဲမှာ ဘရိုင်ယန်အိုကော်နာအဖြစ် ငွေရောင်နဲ့ အပြာရောင်ပေါင်းစပ်ခြယ်မှုန်းထားတဲ့ ဒီကားအမျိုးအစားကို မောင်းနှင်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေမှာ ပါဝင်သရုပ်ဆောင်ဖူးပါတယ်။
အခုနှစ်မေလအတွင်း ဂျပန်ထုတ်မော်တော်ကားတင်သွင်းရောင်းချတဲ့ ဗြိတိန်ကုမ္ပဏီ Harlow-Jap-Autos ရဲ့ပို့စ်တစ်ခုမှာ ချဲလ်ဆီးဂိုးသမားဆီ မော်တော်ကားတစ်စီးရောင်းချခဲ့တဲ့ ပုံရိပ်တွေ ပါဝင်နေလို့ မော်တော်ကားစုဆောင်းသူတွေရဲ့ဂုဏ်ပြုချီးကျူးမှုကို ရော်ဘတ်ဆန်းချက်ဇ် ရရှိခဲ့ပါတယ်။
သူတို့ရဲ့ပို့စ်မှာ “ ကျွန်တော်တို့ HJA အနေဖြင့် ချဲလ်ဆီးဂိုးသမားရောဘတ်ဆန်းချက်ဇ်ဆီ မြင်းကောင်ရေ ၇၀၀ ရှိ R34 GT-R V-spec မော်တော်ကားတစ်စီးကို ရောင်းချလိုက်ပါပြီ။ ကျွန်တော်တို့အတွက် အကြိုက်ဆုံးအရာ ဘာဖြစ်မလဲ? ရောဘတ်ဆန်းချက်ဇ်ကိုယ်တိုင် သူ့ရဲ့ကားအပေါ် ကြိုက်နှစ်သက်တဲ့ပုံရိပ်ကို မြင်တွေ့ရမှုပဲ ဖြစ်ပါတယ်။ တကယ့်ကို ဂန္တဝင်မြောက်လွန်းပါတယ်။ ရောဘတ်ဆန်းချက်ဇ်က မော်တော်ကားချစ်သူတစ်ဦးဖြစ်သလို JDM တွေကိုလည်း ကြိုက်နှစ်သက်ပါတယ်”လို့ ဖော်ပြပါရှိပါတယ်။
ဒီပို့စ်မှာပဲ ပေါင် ၁၀၀,၀၀၀ ဝန်းကျင်တန်ဖိုးရှိ သူ့ရဲ့Nissan ကားသစ်အနီး လှပကျော့ရှင်းလွန်းလှတဲ့ မော်တော်ကားနှစ်စီးနဲ့အတူ ရောဘတ်ဆန်းချက်ဇ် မတ်တပ်ရပ်နေတဲ့ ဓါတ်ပုံလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီမော်တော်ကားနှစ်စီးအနက် တစ်စီးကတော့ ၂၀၂၄ ခုနှစ်ထုတ် အစိမ်းရင့်ရောင် Porsche 911 GT3RS ပဲ ဖြစ်ပါတယ်။ ဒါကတော့ သမားရိုးကျဆန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပြီး ကားရဲ့အနောက်ဘက်မှာလည်း ကြီးမားလှတဲ့ Spoiler တစ်ခုကို ချိတ်ဆွဲထားပါတယ်။ဒီကားအမျိုးအစားရဲ့ အနိမ့်ဆုံးဈေးနှုန်းက ပေါင် ၁၉၂,၀၀၀ ဖြစ်ပါတယ်။
ဆန်းချက်ဇ်က Porsche ရဲ့ အမာခံပရိသတ်တစ်ဦးအဖြစ် လူသိများပြီး သိပ်မကြာသေးခင်လပိုင်းကပဲ ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းမှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုဆီ သူ့ရဲ့အကြိုက်ဆုံးမော်တော်ကားနဲ့အတူ တက်ရောက်လာခဲ့ပါတယ်။
ရောဘတ်ဆန်းချက်ဇ်ရဲ့မော်တော်ကားစုဆောင်းမှုတွေထဲမှာ ပိုပြီးထည်ဝါမှုရှိတဲ့ Lamborghini Urus တစ်စီးကိုလည်း မြင်တွေ့ရပါလိမ့်မယ်။ နာမည်ကျော်ဂိုးသမားက ဘရိုက်တန်မှ ချဲလ်ဆီး ပြောင်းရွှေ့လာချိန် အံ့မခန်းကိုယ်ထည်နဲ့ စွမ်းဆောင်ရည်ပိုင်းမြှင့်တင်ထားတဲ့ ဒီမော်တော်ကားကို ယူဆောင်လာခဲ့ပါတယ်။ Lamborghini Urus မော်တော်ကားတစ်စီးရဲ့ကာလတန်ကြေးက ပေါင် ၃၀၀,၀၀၀ မှ ပေါင် ၅၀၀,၀၀၀ အထိ ရှိပါတယ်။
ရောဘတ်ဆန်းချက်ဇ်က ချဲလ်ဆီးမှာ သီတင်းတစ်ပတ်လုပ်ခ ပေါင် ၆၀,၀၀၀ အထိ ရရှိတယ်လို့ သတင်းထွက်နေပြီး ဒီဝင်ငွေတွေအနက် အနည်းငယ်ကို အကောင်းဆုံးမော်တော်ကားရွေးချယ်မှုဆီ ရင်းနှီးမြှုပ်နှံခြင်းအပေါ် နှစ်သက်ပုံရပါတယ်။