The network connection is lost.

Banner Image

အာဆင်နယ် ပရီးမီးယားလိဂ်ဖလား ရသွားမယ့်ကိစ္စကို မလိုလားသူတွေ အများကြီးရှိနေတယ်လို့ အွန်နရီဆို

အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးအွန်နရီကတော့ အခုရာသီမှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား ရရှိသွားမယ့်ကိစ္စကို ကြားနေပရိသတ်တွေကိုယ်တိုင် မမြင်ချင်ကြဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ အဲဗာတန်နဲ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့လို့ အာဆင်နယ်က အမှတ်ပေးဇယားဒုတိယနေရာရှိပြိုင်ဘက်ကို ၉ မှတ်အထိဖြတ်ကာ ဦးဆောင်နိုင်ခဲ့ပါတယ်။

Sky Sports အစီအစဉ်မှာ အွန်နရီက "အာဆင်နယ် ဖလားရသွားမယ့်ကိစ္စကလွဲရင် ကျန်တာဘာဖြစ်ဖြစ်ဆိုတဲ့ပုံစံမျိုးနဲ့ အာဆင်နယ်ကို ဖလားမရစေချင်တဲ့သူတွေ အများကြီး ရှိနေပါတယ်" လို့ ပြောခဲ့ပါတယ်။

"ကျွန်တော်ကတော့ လီဗာပူးကို ဖလားရစေချင်ခဲ့တာ။ ဘာလို့လဲဆိုတော့ ကာရေဂါနဲ့ စတီဗင်ဂျရတ်တို့ကို ဖလားရစေချင်လို့ပါ။ ကျွန်တော် လီဗာပူးကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆုဖလားနဲ့ အမြဲလွဲနေတတ်တဲ့ အသင်းတွေကိုပဲ အားပေးမိကြစမြဲပါ။ ဒါပေမဲ့ လူအများစုကတော့ အာဆင်နယ်ကို ဖလားမရစေချင်ကြဘူး" လို့ ၎င်းက ဆက်ပြောပါတယ်။

ဂျေမီ ကာရေဂါကလည်း ဒီအချက်အပေါ် ဝင်ရောက်မှတ်ချက်ပေးရာမှာ "အာဆင်နယ်အသင်းမှာ တစ်ခုခုတော့ ရှိနေတယ်။ သူတို့ရဲ့ ကစားဟန်ကြောင့်လား၊ ဒါမှမဟုတ် ကွင်းဘေးမှာရှိနေတဲ့ အာတီတာရဲ့ အမူအရာတွေကြောင့်လားတော့ မသိဘူး။ တစ်ခုခုတော့ ရှိနေတာ အမှန်ပဲ။ ပရိသတ်တွေကြောင့်လည်း ဖြစ်နိုင်သလို၊ သူတို့ဝေဖန်ခံရတဲ့ပုံစံတွေက တခြားသူတွေအတွက်တော့ ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေစေတာမျိုးလည်း ဖြစ်နိုင်ပါတယ်" လို့ ဆိုသွားခဲ့ပါတယ်။