ယူနိုက်တက်ရဲ့အဖွင့်ဂိုးက VAR ရဲ့အားနည်းချက်ကြောင့်ပေးလိုက်ရတာဖြစ်တယ်လို့ ဝေဖန်လာတဲ့ ရှောင်ဒိုက်ခ်ျ
နော်တင်ဟမ်ဖောရက်စ်နည်းပြရှောင်ဒိုက်ခ်ျက ယမန်နေ့ညက ၂-၂ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်ရရှိခဲ့တဲ့အဖွင့်ဂိုးဟာ မပေးသင့်တဲ့ထောင့်ကန်ဘောမှခွင့်ပြုခဲ့ရတာဖြစ်လို့ VAR နဲ့ကွင်းလယ်ဒိုင်ရဲ့အားနည်းချက်ကြောင့် ပေးလိုက်ရတာဖြစ်တယ်လို့ ဝေဖန်ပြောကြားလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်ရဲ့ ပွဲကစားချိန် ၃၂ မိနစ်ခန့်မှာ ဖောရက်စ်နောက်ခံလူ ဆာဗိုနာဟာ ဘောလုံးနဲ့ထိခြင်းမရှိခဲ့ပေမယ့် ကွင်းယူဒိုင်ကတော့ ယူနိုက်တက်အတွက်ထောင့်ကန်ဘောသတ်မှတ်ပေးခဲ့ပြီး အဆိုပါထောင့်ကန်ဘောမှတစ်ဆင့် ကတ်စ်မဲရိုးက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ရှောင်ဒိုက်ခ်ျအနေနဲ့ ကျေနပ်ခြင်းမရှိခဲ့ဘဲ ပွဲအပြီးမှာတော့ ထောင့်ကန်ဘောသတ်မှတ်ပေးသင့်မပေးသင့်ကိုပါ VAR အနေနဲ့ ဆုံးဖြတ်ပေးဖို့လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဖောရက်စ်ဟာ ပြီးခဲ့တဲ့အပတ်က ဘုန်းမောက်နဲ့ပွဲစဉ်မှာလည်း အငြင်းပွားဖွယ်ထောင့်ကန်ဘောမှတစ်ဆင့် ဂိုးပေးထားခဲ့ရတာဖြစ်ပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ရှောင်ဒိုက်ခ်ျက "၂ ပတ်ဆက်တိုက် ဒီလိုပုံစံမျိုးကြုံရတာ ထူးဆန်းပါတယ်။ ကွဲပြားမှုတွေရှိပေမယ့် ဂိုးပေးလိုက်ရတာခြင်းအတူတူပါပဲ။ အရင်အပတ်က ဘုန်းမောက်နဲ့ပွဲမှာ သိသိသာသာကို ဒိုင်မှားခဲ့တာပါ။ ကျွန်တော့်ကိုပါ အဝါကတ်ပြခဲ့ပါတယ်။ သက်သေပြနိုင်တဲ့ အမှားတစ်ခုအတွက် ကျွန်တော် အဝါကတ် ဘယ်လိုပြခံရတာလဲဆိုတာ နားမလည်နိုင်အောင် ထူးဆန်းပါတယ်"
"စည်းကြပ်ဒိုင်တွေအနေနဲ့လည်း ကိုက် ၇၀ လောက်အကွာအဝေးကို ရှင်းရှင်းလင်းလင်းမြင်နိုင်မယ်လို့ ထင်ခဲ့ပါတယ်။ ကျွန်တော်က VAR ကိုထောက်ခံသူတစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကိုမစောင့်ဘဲ စောစောစီးစီးဆုံးဖြတ်နေမယ်ဆိုရင် အမှားတွေရှိလာပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။
ဖောရက်စ်အနေနဲ့ ယူနိုက်တက်ဘက်ကို ဦးဆောင်ဂိုးခွင့်ပြုလိုက်ရပေမယ့် ဒုတိယပိုင်းအစမှာ မော်ဂန်ဂစ်ဝှိုက်နဲ့ ဆာဗိုနာတို့က ချေပဂိုးနဲ့ဦးဆောင်ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့လို့ အနိုင်ရလဒ်နဲ့နီးစပ်ခဲ့ပါတယ်။ သို့သော်လည်း ယူနိုက်တက်အတွက်ချေပဂိုးကို အာမက်က ဗော်လီကန်ချက်နဲ့ လှလှပပသွင်းယူသွားခဲ့လို့ ဖောရက်စ်တို့အိမ်ကွင်းနိုင်ပွဲနဲ့လွဲချော်ခဲ့ရတာဖြစ်ပါတယ်။