The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်ရဲ့စိတ်ဓာတ်ပိုင်းကို ချီးကျူးလိုက်တဲ့ ကွန်ပနီ

ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီက ဒေါ့မွန်ကို ၃-၂ ဂိုးဖြင့် အကြိတ်အနယ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး သူ့အသင်းကစားသမားတွေရဲ့ အားမလျှော့တမ်းကြိုးစားမှုအပေါ် ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပါတယ်။ သူက ဒီပွဲစဉ်ကို "ဘွန်ဒက်လီဂါအတွက် အကောင်းဆုံး ကြော်ငြာတစ်ခု" ဖြစ်တယ်လို့ တင်စားခဲ့ပြီး အသင်းသားတွေအကြား ယုံကြည်မှုနဲ့ စရိုက်လက္ခဏာကိုလည်း အလေးပေးချီးကျူးခဲ့ပါတယ်။

သည်းထိတ်ရင်ဖိုစရာကောင်းလှတဲ့ "ဒါကလက်စီကာ" (Der Klassiker) ပွဲစဉ်မှာ ဒေါ့မွန်ကို အနိုင်ရရှိခဲ့ပြီးနောက် နည်းပြကွန်ပနီက ပွဲစဉ်အတွင်းဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေ၊ အသင်းရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ဒီအောင်ပွဲရဲ့ အရေးပါပုံတွေကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

"ကျွန်တော့်ဘက်ကကြည့်ရင် ပုံမှန်ဆို ပရိသတ်တွေကို နှုတ်ဆက်ပြီးတာနဲ့ ချက်ချင်းထွက်လာတတ်ပေမဲ့ ဒီနေ့မှာတော့ ကစားသမားတွေနဲ့ ပရိသတ်တွေ အတူတူရှိနေတာကို ကြည့်ပြီး အဲ့ဒီခံစားချက်ကို အပြည့်အဝရယူဖို့အတွက် အချိန်အကြာကြီးစောင့်ကြည့်နေခဲ့ပါတယ်။ ဒါဟာ တကယ်ကို လှပတဲ့ မြင်ကွင်းတစ်ခုပါပဲ" လို့ ကွန်ပနီက ဆိုပါတယ်။

ဒေါ့မွန်အသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်၊ အထူးသဖြင့် တစ်ဖက်နှစ်ဂိုးစီသရေကျသွားတဲ့ အခြေအနေကို သူက အသိအမှတ်ပြုခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်မှာလည်း အနို်ငမခံအရှုံးမပေးဆက်လက်တိုက်ပွဲခဲ့လို့ နောက်ဆုံးမှာ အနိုင်ရလဒ်ကို ထိုက်ထိုက်တန်တန်ရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။ "ဒေါ့မွန်က သူတို့ရတဲ့အခွင့်အရေးတွေကို အသုံးချချင်နေတယ်လို့ ခံစားမိပါတယ်။ တစ်ဖက်နှစ်ဂိုးစီသရေဖြစ်သွားချိန်မှာတောင် သူတို့က အနိုင်ရဖို့ ဆက်ကြိုးစားနေခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့လည်း အလျှော့မပေးဘဲ ဆက်ကြိုးစားခဲ့လို့ နောက်ဆုံးမှာတော့ အောင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကွန်ပနီက "ဒီနေ့ပွဲစဉ်က ဂျာမန်ဘောလုံးလောကရဲ့အရည်အသွေးကို ပြသနိုင်ခဲ့တဲ့ ပွဲကောင်းတစ်ခု၊ ဘွန်ဒက်လီဂါအတွက် အကောင်းဆုံးကြော်ငြာတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ အရှိန်အဟုန်ပြင်းထန်မှု၊ မြန်ဆန်တဲ့ကစားကွက်တွေနဲ့ လှပတဲ့ဂိုးတွေကို မြင်တွေ့ခဲ့ရပါတယ်" လို့ ဆိုပါတယ်။

စိတ်လှုပ်ရှားစရာကောင်းတဲ့ အနိုင်ရလဒ်ဖြစ်ပေမဲ့ နည်းပြကတော့ ရှေ့ဆက်ရမယ့် ပွဲစဉ်တွေအတွက် ချက်ချင်းပဲ အာရုံပြန်စိုက်နေပါတယ်။ "တနင်္လာနေ့မှစပြီး ကျွန်တော်တို့ တခြားပုံစံနဲ့ ပြန်စဉ်းစားရပါမယ်။ အရာအားလုံးက ပုံမှန်အတိုင်းပဲ ရှေ့ဆက်သွားပါလိမ့်မယ်။ ဘယ်လောက်ပဲ ဂိုးတွေသွင်းနိုင်ခဲ့ပါစေ၊ ဘယ်နှပွဲပဲ နိုင်ထားပါစေ ပွဲစဉ်တစ်ခုချင်းစီကိုပဲ အာရုံစိုက်သွားပါမယ်။ ဒေါ့မွန်ကိုနိုင်လိုက်ရုံနဲ့ ကျွန်တော်တို့ ဘာလို့ ရပ်တန့်ပစ်ရမှာလဲ? ရှေ့လာမယ့်လတွေအတွက် ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်" လို့ ပြောခဲ့ပါတယ်။

အသင်းရဲ့စိတ်ဓာတ်ပိုင်းနဲ့ပတ်သက်လို့လည်း "ဒီနေ့မှာ အရှုံးမှပြန်လာနိုင်ခဲ့မှုက ကျွန်တော်တို့ရဲ့စိတ်ဓာတ်ပိုင်းကို ပြသနေတာပါ။ ကျွန်တော့်ကတော့ 'အမြဲတမ်း ရှေ့ဆက်နေပါ' ဆိုတဲ့ စကားကို ကြိုက်ပါတယ်။ အရင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ရှေ့ဆက်နေဖို့ပါပဲ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်အဝရှိတယ်ဆိုတာကို ဒီနေ့မှာ ထပ်ပြီး သက်သေပြနိုင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့စိတ်လှုပ်ရှားစရာအနိုင်ရရှိမှုမှာ နည်းစနစ်နဲ့ အရည်အသွေးပိုင်းတင်မက သူတို့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်လည်း ပါဝင်နေပါတယ်။ ဒါဟာ ကလပ်အသင်းရဲ့အစဉ်အလာကျင့်ထုံးနဲ့ ဂျာမန်ဘောလုံးလောကရဲ့အကောင်းဆုံးပုံစံကို ဖော်ပြနေတယ်လို့ ကွန်ပနီက ချီးကျူးရင်း နိဂုံးချုပ်ခဲ့ပါတယ်။