The network connection is lost.

Banner Image

နေမာက အသင်းအတွက် တစ်စုံတစ်ရာအကျိုးမပြုခဲ့ဘူးလို့ အယ်လ်ဟီလယ်ဥက္ကဌပြောကြား

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ရဲ့ ဥက္ကဌ အက်စတိဗ်ကယ်လ်ဇာဒါက ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းကနေ အငှားစာချုပ်နဲ့ထွက်ခွာသွားခဲ့တဲ့ ဘရာဇီးစူပါစတား နေမာဂျူနီယာဟာ အသင်းအတွက် တစ်စုံတစ်ရာအကျိုးမပြုနိုင်ခဲ့ဘူးလို့ ပြောကြားလာခဲ့ပါတယ်။ 

ဘာစီလိုနာနဲ့ ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းဟာ အယ်လ်ဟီလယ်အတွက် စုစုပေါင်း ၇ ပွဲသာပါဝင်ကစားခဲ့ပြီး ယခုအခါမှာတော့ ဆော်ဒီမြေကိုစွန့်ခွာကာ ငယ်ဘဝ ဘရာဇီးကလပ် ဆန်းတို့စ်သို့ ၆ လစာချုပ်နဲ့ ရောက်ရှိနေပြီဖြစ်ပါတယ်။ ဘရာဇီးသားဟာ ဆော်ဒီမှာရှိစဉ်က ဒူးခေါင်းဒဏ်ရာနဲ့ ပြင်းပြင်းထန်ထန်ကြုံတွေ့ခဲ့ရပြီး ၁၂ လလောက်အထိ အနားယူနေခဲ့ရတာဖြစ်ပါတယ်။ 

ဒါကြောင့် အယ်လ်ဟီလယ်အနေနဲ့လည်း ကစားသမားရဲ့လုပ်ခလစာကို အလကားထိုင်ပေးနေမယ့်အစား အငှားစာချုပ်နဲ့ အသင်းကနေထွက်ခွာစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် ဆော်ဒီကလပ်က တစ်ချိန်က လီယွန်နယ်မက်ဆီ၊ ခရစ္စတီယာနိုရော်နယ်ဒိုတို့နဲ့ ဘောလွန်းဒီအော်ဆုအတွက်ယှဉ်ပြိုင်ခဲ့တဲ့ ကစားသမားဟာ နောက်ထပ်တစ်ကြိမ် ပုံမှန်ခြေစွမ်းပြန်ရမှာမဟုတ်ဘူးလို့ ယူဆထားတာဖြစ်ပါတယ်။ 

ကလပ်ဥက္ကဌ ကယ်လ်ဇာဒါက "ကျွန်တော်တို့အနေနဲ့ နေမာအပေါ် အားကိုးလို့မရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အသင်းကိုစရောက်ကတည်းက သူဟာ ဒူးခေါင်းဒဏ်ရာနဲ့ ရုန်းကန်နေခဲ့ရပါတယ်။ သူ့ရဲ့ထွက်ခွာမှုက အယ်လ်ဟီလယ်ဟာ အမြင့်ဆုံးခြေစွမ်းရှိတဲ့ကစားသမားတွေကိုသာ အသင်းမှာ ထားရှိမယ်ဆိုတဲ့အကြောင်း သက်သေပြသလိုလည်းဖြစ်ခဲ့ပါတယ်"

"နေမာက အသင်းရဲ့ဈေးကွက်ပိုင်းမှာ အထောက်အကူပြုခဲ့ပေမယ့် ကျွန်တော်တို့ကတော့ စွမ်းဆောင်ရည်ကို ဦးစားပေးတဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်ခြေစွမ်းမရှိတဲ့ကစားသမားနဲ့ ကျွန်တော်တို့ကြားမှာ အဆုံးသတ်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့စာချုပ်ကို ရပ်ဆိုင်းလိုက်ဖို့က နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့သဘောတူညီချက်တစ်ခုဖြစ်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အယ်လ်ဟီလယ်အနေနဲ့ အသင်းရဲ့နိုင်ငံခြားကစားသမား များပြားမှုကို လျှော့ချဖို့အတွက်လည်း နေမာကို လူစာရင်းကနေထုတ်ပယ်ဖို့ ဆုံးဖြတ်ထားခဲ့တာဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ်တွေဟာ နိုင်ငံခြားသားဘောလုံးသမားတွေကို အကန့်အသတ်နဲ့သာခေါ်ယူနိုင်ခွင့်ရှိနေတာဖြစ်ပါတယ်။ ဆန်းတို့စ်နဲ့ ကနဦး ၆ လစာချုပ် ချုပ်ဆိုထားခဲ့တဲ့ နေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီမှာတော့ ဘာစီလိုနာအသင်းဖော်ဟောင်းတွေဖြစ်တဲ့ မက်ဆီနဲ့ လူးဝစ်ဆွာရက်ဇ်တို့ရှိတဲ့ မေဂျာလိဂ်ကလပ် အင်တာမီယာမီသို့ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။