ရော်နယ်ဒိုလို ပြုမူနေတယ်လို့ဆိုကာ မိုဆာလက်ကို 'အတ္တကြီးသူ' အဖြစ်ဝေဖန်လိုက်တဲ့ လီဗာပူးဂန္ထဝင်ကာရေဂါ
မကြာသေးခင်ကပဲ လီဗာပူးတိုက်စစ်မှူးမိုဆာလက်ကိုယ်တိုင် ဆိုရှယ်မီဒီယာမှတဆင့် ရေးသားဖော်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ ဂျေမီကာရေဂါက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
လီဗာပူးဂန္တဝင်က အီဂျစ်ကြယ်ပွင့်ကို အတ္တကြီးသူအဖြစ် ရှုမြင်ပြီး အခုလိုလူသိရှင်ကြားပြောဆိုချက်တွေကြောင့် အန်ဖီးလ်ကွင်းအတွင်း မလိုလားအပ်တဲ့တင်းမာမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူက အခုအခြေအနေကို ၂၀၂၂ ခုနှစ်၊ စီရော်နယ်ဒိုရဲ့ မန်ချက်စတာယူနိုက်တက်မှ အငြင်းပွားဖွယ်ထွက်ခွာခဲ့ပုံနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ ကာရေဂါက ကစားသမားသမားနှစ်ဦးလုံးကို မကျေနပ်ချက်တွေနဲ့ပတ်သက်လို့ အတွင်းပို်ငးမှာပဲ တိတ်တဆိတ်ဖြေရှင်းရမယ့်အစား လူသိရှင်ကြားထုတ်ဖော်ပြောဆိုဖို့ ရွေးချယ်ခဲ့ကြသူတွေလို့ ထောက်ပြခဲ့ပါတယ်။
"ဒါကို ကျွန်တော် မအံ့ဩပါဘူး" လို့ ကာရေဂါက Sky Sports ကို ပြောပါတယ်။
"ရာသီမကုန်ခင်မှာ တစ်ခုခုထပ်ဖြစ်လာဦးမယ်လို့ လူတိုင်းကို ကျွန်တော် ပြောခဲ့ပြီးသားပါ။ မိုဆာလက်က မန်ချက်စတာယူနိုက်တက်မှထွက်ခွာခါနီး စီရော်နယ်ဒိုလုပ်ခဲ့သလိုမျိုး နောက်ထပ်ဗုံးတစ်လုံးကို ဖောက်ခွဲလိုက်တာပါ။
မိုဆာလက်ထွက်ခွာသွားပြီးချိန်လောက်မှ အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ယူဆခဲ့ပါတယ်။ ဒါပေမဲ့ မဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကလည်း အင်တာဗျူးတစ်ခုကြောင့် သူ့ကို အတ္တကြီးတယ်လို့ ကျွန်တော် ပြောခဲ့ဖူးပြီး အခုလည်း အဲ့ဒီအတိုင်း ပြန်ဖြစ်လာပြန်ပါပြီ။
အခုက လီဗာပူးအတွက်က အလွန်အရေးကြီးတဲ့သီတင်းပတ်ပါ။ ချန်ပီယံလိဂ်အတွက်လည်း အပြည့်အဝ စိတ်မချရသေးဘူး၊ အခုအချိန်မှာ 'ဆာလာ F.C' အကြောင်းထက် 'လီဗာပူး F.C' အကြောင်းကိုပဲ အာရုံစိုက်သွားရပါမယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။