The network connection is lost.

Banner Image

နေမာတစ်ဦးတည်းအပေါ်မှာပဲ ဘရာဇီးအသင်း အလွန်အကျူးမှီခိုအားထားခဲ့တယ်လို့ ကာဖူးဆို

ဘရာဇီးဂန္ထဝင်ကစားသမားကာဖူးက လွန်ခဲ့တဲ့ဆယ်စုနှစ်တာကာလအတွင်း လက်ရွေးစင်အသင်းအတွက် တာဝန်တေါကို နေမာ အလွန်အမင်းထမ်းပိုးခဲ့ရပြီး ဒီလိုအခြေအနေတွေကြောင့် နိုင်ငံအတွက် ဆဋ္ဌမမြောက်ကမ္ဘာ့ဖလားအိပ်မက် ထိခိုက်သွားခဲ့တယ်လို့ ယုံကြည်နေပါတယ်။

၂၀၁၀ ခုနှစ်မှာ အသင်းရဲ့အဓိကကြယ်ပွင့်အဖြစ် ပေါ်ထွက်လာခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်းအတွက် ဝန်းရံပေးနိုင်မယ့်ကမ္ဘာ့အဆင့်ကစားသမားတွေကို ဘရာဇီးအသင်း လုံလုံလောက်လောက် မထုတ်လုပ်နိုင်ခဲ့ဘဲ ဖိအားတွေနဲ့ရင်ဆိုင်ဖို့ နေမာကို ပစ်ထားခဲ့တယ်လို့ အသင်းခေါင်းဆောင်ဟောင်းကာဖူးက ထောက်ပြခဲ့ပါတယ်။

"ရော်ဘာတိုကားလို့စ်နဲ့ ကျွန်တော်တွေ့တော့ ဒီကလေးတစ်ယောက်တည်း ဖြစ်နေတာကို ကြည့်ပြီး တကယ်ကို စိတ်မကောင်းဖြစ်ရတယ်လို့ ပြောခဲ့ဖူးပါတယ်" လို့ ကာဖူးက ESPN ကို ပြောပြခဲ့ပါတယ်။ "သူက အရာအားလုံးကို တစ်ဦးတည်း လုပ်ဆောင်ပေးရမယ်ဆိုတဲ့ တာဝန်ဝတ္တရားတွေနဲ့အတူ ၁၅ နှစ်လောက် ဖြတ်သန်းခဲ့ရပါတယ်။ တစ်ဦးတည်း အစွမ်းပြနေလို့လည်း ဘာမှ ထူးခြားမလာပါဘူး။ လက်ရွေးစင်အသင်းအကြောင်း ပြောမယ်ဆိုရင် တာဝန်တွေကို အတူတူ ခွဲဝေယူကြရပါမယ်" လို့ ဆိုပါတယ်။

ကာဖူးက အခုခေတ်၊ ဘရာဇီးအသင်းကို အားလုံးစုပေါင်းပြီး ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေ အများကြီးရှိခဲ့တဲ့ အတိတ်ကာလ၊ ဘရာဇီးအသင်းတွေနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။

"၂၀၀၂ ခုနှစ်တုန်းကဆိုရင် ကျွန်တော်တို့အသင်းမှာ ပွဲစဉ်တိုင်းအတွက် အကောင်းဆုံးကစားသမားတစ်ဦးတစ်ယောက်တည်း ရှိနေတာမျိုး မဖြစ်ခဲ့ဖူးပါဘူး" လို့ သူက ဆက်ပြောပါတယ်။ "တကယ်လို့ နေမာသာ ကျွန်တော်တို့ ၂၀၀၂ ခုနှစ်လိုမျိုး အသင်းဖော်တွေရဲ့ထောက်ပံ့မှုရခဲ့မယ်ဆိုရင် ပွဲတိုင်းမှာ သူတစ်ဦးတည်း အကောင်းဆုံးဖြစ်နေစရာ မလိုတော့ပါဘူး။ ကံမကောင်းတဲ့အချက်ကတော့ နေမာအပေါ် အရာအားလုံးပုံချခဲ့ပြီး အချိန်အတော်ကြာ တစ်ဦးတည်းပစ်ထားခဲ့တာပါပဲ" လို့ ပြောကြားခဲ့ပါတယ်။