ယူနိုက်တက်မှ အင်တာမိုင်ယာမီသို့ပြောင်းရွှေ့ဖို့ နောက်ဆုံးအဆင့်ကိုလုပ်ဆောင်နေပြီဖြစ်တဲ့ ကတ်စ်မဲရိုး
ယူနိုက်တက်ကနေ အင်တာမိုင်ယာမီကို ပြောင်းရွှေ့မယ့် ကတ်စ်မဲရိုးရဲ့ အပြောင်းအရွှေ့ဟာ ပိုပြီး နီးစပ်လာနေပြီလို့ သတင်းတွေအရ သိရပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကတ်စ်မဲရိုးဟာ ဒီနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ယူနိုက်တက်ကနေ ထွက်ခွာတော့မယ်လို့ ရာသီအစောပိုင်းကတည်းက ကြေညာထားခဲ့တာပါ။
အဲ့ဒီနောက်ပိုင်းမှာတော့ အမ်အယ်လ်အက်စ် (MLS) ကလပ် အင်တာမိုင်ယာမီအသင်းက ဆာဂျီယိုဘတ်စကွက်စ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် သူ့ကို အမေရိကန်မြေဆီ ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ အဆိုအရ ကတ်စ်မဲရိုးရဲ့ မိုင်ယာမီကို ပြောင်းရွှေ့မှုဟာ 'နောက်ဆုံးအဆင့်' ကို ရောက်ရှိနေပြီဖြစ်ပြီး မကြာခင်မှာ အပြီးသတ်နိုင်တော့မယ်လို့ သိရပါတယ်။
ကတ်စ်မဲရိုးဟာ ယူနိုက်တက်ကို ရောက်ရှိလာပြီးနောက်ပိုင်းမှာ အကောင်းဆုံးရာသီတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်ပြီး ကစားခဲ့တဲ့ ပွဲစဉ် ၃၅ ပွဲမှာ ၉ ဂိုးအထိ သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၂ ကြိမ်လည်း ပြုလုပ်ပေးထားပါတယ်။