မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ ရှားပါးစံချိန်ကို လိုက်မှီသွားတဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် အမ်ဘာပေ
ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ခီလီယန်အမ်ဘာပေဟာ စပိန်လာလီဂါရဲ့ ဂိုးသွင်းအများဆုံးကစားသမားဆုဖြစ်တဲ့ ပီချီချီ (Pichichi) ဆုကို နှစ်နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပြီးနောက်မှာ လီယွန်နယ်မက်ဆီ၊ စီရော်နယ်ဒိုတို့လို ထိပ်တန်းကစားသမားတွေနဲ့ တစ်တန်းတည်း ဖြစ်လာခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေဟာ အက်သလက်တစ်ကလပ်ကို ၄ ဂိုး - ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရာသီပိတ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အခုလို မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့တာပါ။
အမ်ဘာပေဟာ ဒီရာသီမှာ လိဂ်ဂိုး ၂၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ၂၃ ဂိုးသွင်းထားတဲ့ မာယော့ကာတိုက်စစ်မှူး မူရီကီကို ကျော်ဖြတ်ပြီး ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ အိုဆာဆူနာက ဘူဒီမာကတော့ ၁၇ ဂိုးနဲ့ တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၄-၁၅ ရာသီမှာ ရော်နယ်ဒို ရရှိခဲ့ပြီးနောက်ပိုင်း ရီးရဲလ်အသင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပီချီချီဆုကို ဆက်တိုက်ကာကွယ်နိုင်ခဲ့တဲ့ ကစားသမားဖြစ်လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃၈ နှစ်တာကာလအတွင်း စပိန်လာလီဂါမှာ မက်ဆီအပါအဝင် ဂန္ထဝင်ကစားသမားတချို့သာ အခုလိုမျိုး နှစ်နှစ်ဆက်တိုက် ဂိုးသွင်းအများဆုံးဆုကို ရယူနိုင်ခဲ့ကြတာပါ။
ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း အမ်ဘာပေဟာ တစ်ရာသီလုံး ဂိုးကန်သွင်းမှု ၆၃ ကြိမ်နဲ့ လာလီဂါရဲ့ ဂိုးကန်သွင်းမှုအများဆုံးကစားသမားစာရင်းမှာလည်း ထိပ်ဆုံးက ရပ်တည်နေပါတယ်။ သူ့ရဲ့နောက်မှာတော့ မူရီကီက ၅၀ ကြိမ်၊ ဗီနီစီးယက်စ်က ၄၆ ကြိမ်စီနဲ့ အသီးသီး ရှိနေကြပါတယ်။