အယ်လ်ဟီလယ်အသင်းကနေ ထွက်ခွာတော့မယ့် ဒါဝင်နူနက်ဇ်ကို စီးရီးအေကလပ်နှစ်ခုက စိတ်ဝင်စားနေ
ဒါဝင်နူနက်ဇ်ဟာ ဆော်ဒီအာရေဗျမှာ တစ်နှစ်တောင် မပြည့်သေးခင်မှာပဲ အယ်လ်ဟီလယ်အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
ဒါဝင်နူနက်ဇ်ဟာ အန်ဖီးလ်မှာ ၃ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီကမှ လီဗာပူးအသင်းကနေ ဆော်ဒီပရိုလိဂ်အသင်းဆီ ပေါင် ၄၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
လီဗာပူးမှာရှိစဉ်အတွင်း ဝေဖန်မှုတွေ အများအပြား ခံခဲ့ရတဲ့ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးဟာ ပွဲပေါင်း ၁၄၃ ပွဲမှာ ၄၀ ဂိုးပဲ သွင်းယူနိုင်ခဲ့တာကြောင့် အခွင့်အရေးတွေကို အဆုံးသတ်မသေချာသူအဖြစ် မကြာခဏ ဝေဖန်ခံခဲ့ရပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒါဝင်နူနက်ဇ်ဟာ အယ်လ်ဟီလယ်မှာလည်း ဂိုးသွင်းခြေရှာတွေ့ဖို့ ရုန်းကန်နေရပြီး လိဂ်ပွဲ ၁၆ ပွဲမှာ ၆ ဂိုးပဲ သွင်းယူနိုင်ပါသေးတယ်။ ဒါကြောင့်လည်း ရာသီကုန်မှာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းရရှိနေတဲ့ သူ့ရဲ့စာချုပ်ကို ဖျက်သိမ်းတော့မှာဖြစ်ပြီး အခုကတည်းက ကလပ်အသင်းတော်တော်များများရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာပါ။
ချဲလ်ဆီးအသင်းကလည်း သူတို့ရဲ့ ပထမဦးစားပေးတိုက်စစ်မှူး ဂျာအိုပက်ဒရိုနဲ့ အပြိုင်နေရာလုနိုင်မယ့် တိုက်စစ်မှူးတစ်ဦးအဖြစ် ဒါဝင်နူနက်ဇ်ကို ချိတ်ဆက်နေသလို စီးရီးအေကလပ် နှစ်သင်းကလည်း သူ့ကိုခေါ်ယူဖို့ အပြိုင်အဆိုင် ဖြစ်လာပါတယ်။
အပြောင်းအရွှေ့ကျွမ်းကျင်သူ နီကိုလိုရှီရာရဲ့ အဆိုအရ ဒါဝင်နူနက်ဇ်ဟာ စီမြွန်နီအင်ဇာဂီရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်တော့ဘူးလို့ အပြောခံရပြီးနောက် ဒီနွေရာသီမှာ ဥရောပကို ပြန်လာနိုင်တယ်လို့ သိရပါတယ်။
ရှီရာက ဘယ်အီတလီကလပ်တွေက စိတ်ဝင်စားနေလဲဆိုတာကို အမည်တပ်မပြောနိုင်ပေမဲ့ စိတ်ပျက်စရာကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းပြီးနောက်မှာ သူ့ရဲ့ပြောင်းရွှေ့ကြေးက ဘယ်လောက်အထိ ဖြစ်လာမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။