The network connection is lost.

Banner Image

ဘာစီလိုနာဆီပြောင်းရွှေ့ဖို့အတွက် ကိုယ်ကျိုးကို ကြည့်ပြီး ယူနိုက်တက်ဆီ ပြန်မလာဖို့ ရက်ရှ်ဖို့ဒ်ကို အကြံပြုလိုက်တဲ့ အီဗရာ

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားပက်ထရစ်အီဗရာက လက်ရှိမှာ ဘာစီလိုနာအသင်းဆီ အငှားဖြင့်သွားရောက်ကစားနေတဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့မရေမရာဖြစ်နေတဲ့ အနာဂတ်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရက်ရှ်ဖို့ဒ်က ဘာစီလိုနာမှာ အငှားကစားနေစဉ်အတွင်း ၁၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး လာမယ့်နွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်းမှာ နေရာပြန်လည်ရရှိခဲ့ပါတယ်။

ဘာစီလိုနာက ခြေစွမ်းပြနေတဲ့ရက်ရှ်ဖို့ဒ်ကို ပေါင် ၂၆ သန်းဝန်းကျင်နဲ့ အပြီးသတ်ဝယ်ယူခွင့်ရှိနေပေမဲ့ စပိန်ကလပ်ဘက်ကတော့ အဆိုပါသဘောတူညီချက်ကို အခုထိ အပြီးသတ်ဖို့ တွန့်ဆုတ်နေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သတင်းစကားကို စောင့်ဆိုင်းရင်း မရေမရာဖြစ်နေရပါတယ်။ Stake နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ အီဗရာက ဘာတွေပဲဖြစ်လာပါစေ ရပ်ရှ်ဖို့ဒ်အနေနဲ့ ဒီနွေရာသီနောက်ပိုင်း၊ ယူနိုက်တက်မှာ ဆက်မနေသင့်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် ရက်ရှ်ဖို့ဒ်ကို သဘောကျပါတယ်။ လူတစ်ဦးရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုပုံစံတွေက လိမ်လို့မရပါဘူး၊ အခု သူပျော်နေပါတယ်။ မန်ချက်စတာမှာတုန်းက သူ မပျော်ခဲ့ပါဘူး၊ အဲဒါက ခင်ဗျားတို့ ဦးစားပေးရမယ့်အရာပါ။ အလုပ်လုပ်တဲ့ချိန် အစွမ်းကုန်ကြိုးစားရမယ်ဆိုတာမှန်ပေမဲ့ ပျော်ရွှင်ဖို့ကလည်း တကယ်အရေးကြီးပါတယ်၊ ဘာစီလိုနာမှာ သူပျော်နေတာကို ကျွန်တော်မြင်ရတယ်။ သူလည်း အဲဒီမှာပဲ ဆက်နေချင်ပါတယ်" လို့ အီဗရာက ဆိုပါတယ်။

"လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ကျွန်တော် ရက်ရှ်ဖို့ဒ်နဲ့ စကားပြောဖြစ်ခဲ့ဖူးတယ်၊ သူက 'ပက်ထရစ်၊ ကျွန်တော့်နှလုံးသားကတော့ ယူနိုက်တက်မှာပဲ ဆက်နေဖို့ ပြောနေပေမဲ့ ဦးနှောက်က ထွက်သွားဖို့ ပြောနေတယ်' လို့ ပြောခဲ့ပါတယ်။ သူက မန်ချက်စတာသားတစ်ဦးအဖြစ် ဆက်ရှိနေပါဦးမယ်။ ဒါပေမဲ့ သူ့ရဲ့ဘောလုံးသမားဘဝကိုပဲ ဦးစားပေးသင့်ပြီး ဘာစီလိုနာမှာ ဘောလုံးကစားရတာကိုပဲ ပျော်မွေ့သင့်ပါတယ်။ သူ အဲဒီမှာပဲ ဆက်နေသင့်တယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်ဆီ ပြန်လာစေချင်တဲ့စိတ်လည်း ကျွန်တော့်မှာ ရှိပါတယ်"

"ဒါပေမဲ့ တစ်ကိုယ်ကောင်းဆန်တဲ့အမြင်အရ ပြောရရင်တော့ ယူနိုက်တက်ဆီ ပြန်မလာပါနဲ့။ ပျော်တဲ့နေရာမှာပဲ ဆက်နေပါ။ ဘာစီလိုနာအတွက်တော့ ရက်ရှ်ဖို့ဒ်ရဲ့တန်ဖိုးက အရမ်းတန်လွန်းနေတယ်ဆိုတာ ကျွန်တော်သိပါတယ်၊ သူတို့က ရပ်ရှ်ဖို့ဒ်ရဲ့တန်ကြေးထက် အများကြီး လျော့နည်းတဲ့ပမာဏကိုပဲ ပေးချေရပါလိမ့်မယ်" လို့ ၎င်းက ဆက်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အသက်-၂၈ နှစ်အရွယ်ကစားသမား ရက်ရှ်ဖို့ဒ်နဲ့ ရီးရဲလ်မက်ဒရစ်တို့အကြား သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဘာစီလိုနာဆီသာ မပြောင်းရွှေ့ဖြစ်ဘူးဆိုရင် ရီးရဲလ်မက်ဒရစ်ဘက်က ချက်ချင်းကမ်းလှမ်းလာဖို့ ၀န်လေးမှာမဟုတ်ပါဘူး။