The network connection is lost.

Banner Image

ချဲလ်ဆီးရှေ့တန်းကစားသမား ပက်ဒရိုနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကို ငြင်းဆို

ဘာစီလိုနာ အားကစားဒါရိုက်တာဖြစ်သူ ဒေကိုက ချဲလ်ဆီးတိုက်စစ်မှူး ပက်ဒရိုနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်ပါတယ်။

လာလီဂါချန်ပီယံအသင်းဟာ ဒီနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် ရောဘတ် လီဝန်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးသစ်တစ်ဦးကို ရှာဖွေနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ဂျူလီယန် အယ်လ်ဗာရက်ဇ်နဲ့ သတင်းတွေ အပြင်းအထန် ထွက်ပေါ်ခဲ့ပေမဲ့ အခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ ချဲလ်ဆီးအသင်းက ပက်ဒရိုကို ပြောင်းလဲပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါကစားသမားဟာ ချဲလ်ဆီးအသင်းအတွက် ခက်ခဲတဲ့ ရာသီတစ်ခုဖြစ်ခဲ့ပေမဲ့ အသင်းကို ရောက်ရှိလာချိန်ကစလို့ ၅၂ ပွဲမှာ ၂၃ ဂိုးအထိ သွင်းယူပေးထားပြီး အကောင်းဆုံးခြေစွမ်းပြသနေသူပါ။

စပိန်နိုင်ငံကလာတဲ့ သတင်းတွေမှာတော့ ဒေကိုဟာ ကစားသမားနဲ့ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့အတွက် မကြာခင်က လန်ဒန်ကို သွားရောက်ခဲ့တယ်လို့ ဖော်ပြခဲ့ကြတာဖြစ်ပြီး အခုအခါမှာတော့ ဒီကိုက အဲဒီသတင်းတွေကို ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။

"ကျွန်တော် ပက်ဒရိုနဲ့ သွားတွေ့ခဲ့တာ မဟုတ်ပါဘူး၊ ခင်ဗျားတို့အားလုံး မှားနေကြတာပါ။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ ခေါ်ယူဖို့ အတည်မပြုသေးသလို ဘယ်သူ့ကိုမှလည်း ပယ်ဖျက်ထားတာမျိုး မရှိပါဘူး။ အခုချိန်မှာတော့ ဒါတွေနဲ့ပတ်သက်ပြီး ဆွေးနွေးနေကြတုန်းပါ" လို့ ဒေကိုက ESPN ကို ပြောကြားခဲ့ပါတယ်။