ဘရာဇီးလက်ရွေးစင်အသင်းလူစာရင်းမှာ ချန်လှပ်ခံရမှုနဲ့ပတ်သက်လို့ တုံ့ပြန်လာတဲ့ ဂျော်အိုပက်ဒရို
ချယ်လ်ဆီးတိုက်စစ်မှူးဂျော်အိုပက်ဒရိုက နည်းပြအန်ဆယ်လော့တီရဲ့ ဘရာဇီးလက်ရွေးစင်အသင်းလူစာရင်းမှာ ချန်လှပ်ခံရမှုနဲ့ပတ်သက်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အန်ဆယ်လော့တီရွေးချယ်လိုက်တဲ့ ကစားသမား ၂၆ ဦးပါ လူစာရင်းက အငြင်းပွားစရာတွေ ပြည့်နှက်ခဲ့ပြီး သီယာဂိုဆေးလ်ဗားနဲ့ အန်တိုနီတို့လို ကစားသမားတွေ ချန်လှပ်ခံခဲ့ရပေမဲ့ ရက်ပေါင်း ၃၀ တောင် မလိုတော့တဲ့ ဒီပြိုင်ပွဲအတွက် နေမာတော့ ပါဝင်လာခဲ့ပါတယ်။
ရီယိုဒီဂျနေရိုးမှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ လူစာရင်းကြေညာပြီးနောက် အန်ဆယ်လော့တီက "နေမာရဲ့ကြံ့ခိုင်မှု ပိုကောင်းလာပါပြီ၊ သူက ဒီကမ္ဘာ့ဖလားမှာ အရေးပါတဲ့ကစားသမားတစ်ဦး ဖြစ်လာပါလိမ့်မယ်" လို့ ပြောခဲ့ပါတယ်။
အခုလို လူစာရင်းမှာ နေမာပါဝင်လာချိန် ပက်ဒရိုကတော့ ချန်လှပ်ခံခဲ့ရပါတယ်။ ဒါက တကယ့်ကို စိတ်မကောင်းစရာသတင်းတစ်ခုဖြစ်ခဲ့ပြီး လူစာရင်းမှာ မပါဝင်ကြောင်း သိလိုက်ရချိန် ဂျော်အိုပက်ဒရိုမိသားစုဝင်တွေရဲ့ဝမ်းနည်းပူဆွေးနေတဲ့ တုံ့ပြန်မှုရုပ်သံဖိုင်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
ဒီသတင်းကို သိရှိပြီးနောက်မှာတော့ ဂျော်အိုပက်ဒရိုက အွန်လိုင်းမှတဆင့် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ပြိုင်ပွဲကာလတစ်လျှောက်လုံး သူ့ရဲ့နိုင်ငံ့လက်ရွေးစင်အသင်းကို ဝန်းရံသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
"ကျွန်တော် အမြဲတမ်း အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ကမ္ဘာ့ဖလားမှာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုချင်တဲ့ ဒီအိမ်မက်က အခုတော့ အကောင်အထည်မဖော်နိုင်ခဲ့ပေမဲ့ ကျွန်တော်ကတော့ အရင်လိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ အာရုံစိုက်ပြီး ရှေ့ဆက်သွားပါမယ်။ ပျော်ရွှင်စရာနဲ့ စိတ်ပျက်စရာဆိုတာ ဘောလုံးလောကရဲ့ အစိတ်အပိုင်းတွေပါပဲ။ အခုချိန်မှစပြီး အသင်းမှာပါဝင်သွားသူတွေအားလုံးကို ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်တော်ကတော့ ဆဋ္ဌမမြောက်ကမ္ဘာ့ချန်ပီယံဆုကို အိမ်အရောက် သယ်ဆောင်လာနိုင်ဖို့ ပရိသတ်တစ်ဦးအဖြစ် အားပေးနေပါမယ်" လို့ သူက ဆိုပါတယ်။
ဒီရာသီ၊ ပရီးမီးယားလိဂ်မှာ ၁၅ ဂိုးအထိ သွင်းယူထားတဲ့ ဂျော်အိုပက်ဒရိုက ကမ္ဘာ့ဖလားမတိုင်ခင် ဘရာဇီးအသင်းရဲ့ နောက်ဆုံးခြေစမ်းပွဲစဉ်နှစ်ခုလုံးမှာ ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ သူက အနည်းဆုံး အသက် ၂၇ နှစ်အရွယ်ရောက်မှသာ ကမ္ဘာ့ဖလားကစားခွင့်ရမယ့် အခြေအနေကို လက်ခံလိုက်ရပါပြီ။