အင်တာမီယာမီနဲ့ ၃ နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်တဲ့ မက်ဆီ
အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ အင်တာမီယာမီနဲ့ ၃ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ထပ်မံချုပ်ဆိုခဲ့ပြီး မေဂျာလိဂ်မှာ အသက်-၄၀ ကျော်တဲ့အထိကစားသွားဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။အသက်-၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ အမေရိကန်ဘောလုံးလောကမှာ စူပါစတားတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်သွားဦးမှာဖြစ်ပြီး ကစားသမားဟာ မီယာမီနဲ့စာချုပ်သစ်ချုပ်ဆိုလိုက်ကြောင်းကို ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးကြေညာခဲ့ပါတယ်။
မက်ဆီဟာ အင်တာမီယာမီမှာ တစ်နှစ်လုပ်ခ ဒေါ်လာသန်း ၂၀ အထိရရှိနေသူဖြစ်ပြီး အသင်းအတွက် တိုးတက်မှုနဲ့ အောင်မြင်မှုတွေယူဆောင်ပေးနိုင်ခဲ့ကာ ပြီးခဲ့တဲ့ရာသီက တစ်ဦးချင်းအောင်မြင်မှုအနေနဲ့လည်း မေဂျာလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ ရွှေဖိနပ်ဆုတို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ယခုရာသီမှာလည်း အာဂျင်တီးနားဟာ မယုတ်လျော့တဲ့ခြေစွမ်းကို ဆက်လက်ပြသနေဆဲဖြစ်ပြီး လိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ထပ်မံဆွတ်ခူးနိုင်ဖို့ အခွင့်အရေးရှိနေဆဲဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်းမှာ နည်းပြ ဂျာဗီယာမာရှေယာနိုကလည်း "သူကစားနေတာကိုကြည့်ရတာ ပျော်စရာကောင်းပါတယ်။ သူကလည်း သူလုပ်ချင်တာကိုလုပ်ပြီး ပျော်နေပါတယ်။ သူက ပြိုင်ဆိုင်လိုစိတ်ပြင်းထန်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ဒါကို အသင်းအနေနဲ့သိဖို့အတွက်လည်း ကြိုးစားနေပါတယ်"
"သူ့ကိုကူညီနိုင်တဲ့အကောင်းဆုံးနည်းလမ်းကတော့ အသင်းရဲ့ကစားသမားတွေအနေနဲ့ မှန်ကန်တဲ့အရာတွေကို လုပ်ဖို့ပါပဲ။ အသင်းမှာအရာအားလုံးက လမ်းကြောင်းမှန်ပေါ်သွားနေရင် သူဒီမှာနေရတာ သက်တောင့်သက်သာရှိပါလိမ့်မယ်။ ဒီလိုသာဆက်သွားနေမယ်ဆိုရင် ကျွန်တော်တို့မှာ အောင်မြင်မှုရဖို့အတွက်လည်း အခွင့်အရေးတွေအများကြီးရလာပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။
မက်ဆီရဲ့ဘာစီလိုနာအသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဆာဂျီယိုဘက်စ်ကွက်စ်နဲ့ ဂျော်ဒီအယ်လ်ဘာတို့ဟာ မက်ဆီရဲ့နောက်မှ အင်တာမီယာမီသို့ပြောင်းရွှေ့လာခဲ့ကြပေမယ့် ယခုရာသီအကုန်မှာပဲ ကစားသမားဘဝမှ အနားယူကြတော့မယ်လို့ ကြေညာထားပါတယ်။ နောက်ထပ်မက်ဆီရဲ့ဘာစီလိုနာအသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ လူးဝစ်ဆွာရက်ဇ်ကတော့ ကစားသမားဘဝမှအနားယူဖို့မရှိသေးဘဲ မက်ဆီနဲ့အတူရှေ့ဆက်သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
မက်ဆီအနေနဲ့ အင်တာမီယာမီနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အာဂျင်တီးနားအတွက် ပါဝင်ကစားပေးဖို့မသေချာသေးကြောင်း ပြီးခဲ့တဲ့လက ပြောကြားထားပါတယ်။ ဘောလွန်းဒီအော် ၈ ဆုရှင်က "ကျွန်တော့်အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝဖို့ ကြိုးစားသွားမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ရိုးသားဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်ကစားဖို့အဆင်သင့်ဖြစ်ရင် ပါဝင်ကစားသွားမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင်တော့ ကမ္ဘာ့ဖလားကိုဝင်ကစားမှာမဟုတ်ပါဘူး"
"ကမ္ဘာ့ဖလားမှာပါဝင်ကစားဖို့ အခုချိန်အထိ ဆုံးဖြတ်ချက်မချရသေးပါဘူး။ ဒီရာသီကိုအကောင်းဆုံးအဆုံးသတ်နိုင်ဖို့နဲ့ နောက်ရာသီကြိုကိုကစားနိုင်ဖို့ ကြိုးစားသွားပါမယ်။ နောက်ပိုင်းကျမှဘာတွေဖြစ်လာမလဲစောင့်ကြည့်ကြတာပေါ့။ ၂၀၂၆ မှာ ကောင်းမွန်တဲ့ရာသီကြိုတစ်ခုကို ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့မှာ ၆ လအချိန်ကျန်ပါသေးတယ်။ ပြီးမှပဲ ကမ္ဘာ့ဖလားအတွက်ဆုံးဖြတ်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။