The network connection is lost.

Banner Image

ဘရာဇီးအသင်းသို့ နေမာပြန်ရောက်လာမယ်လို့ အခိုင်အမာယုံကြည်ကြောင်းပြောကြားလာတဲ့ ရော်နယ်ဒင်ဟို

ဆန်းတို့စ်အသင်းရဲ့ တိုက်စစ်ကြယ်ပွင့်နေမာဟာ ယခုစက်တင်ဘာလအတွင်း ဘရာဇီးလက်ရွေးစင်အသင်းရဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် လူစာရင်းကနေ ထုတ်ပယ်ခံထားရပေမယ့် တစ်ချိန်ချိန်မှာတော့ အသင်းသို့ပြန်လည်ရောက်ရှိလာမယ်လို့ယုံကြည်ကြောင်း ဘရာဇီးဂန္ထဝင် ရော်နယ်ဒင်ဟိုက အခိုင်အမာပြောကြားလာခဲ့ပါတယ်။

ဘရာဇီးနည်းပြ ကာလိုအန်ဆယ်လော့တီကတော့ ယခုတစ်ခေါက် နေမာကို လူစာရင်းမှာထည့်သွင်းခဲ့ခြင်းမရှိတာဟာ နည်းစနစ်အရဆုံးဖြတ်ချက်သာဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ ယခုအခါမှာ ရော်နယ်ဒင်ဟိုက "နေမာ ဘရာဇီးအသင်းမှာပါမလာတာ အခြေအနေနဲ့ အချိန်အခါအရပါပဲ။ နေမာက အသင်းကိုပြန်ရောက်လာပြီး ဘရာဇီးအသင်းအတွက် ကမ္ဘာ့ဖလားဆွတ်ခူးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

နေမာကိုရွေးချယ်ခဲ့ခြင်းမရှိတဲ့ အန်ဆယ်လော့တီကိုလည်း ရော်နယ်ဒင်ဟိုက ချီးကျူးပြောဆိုမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါသေးတယ်။ ၂၀၀၂ ကမ္ဘာ့ဖလားချန်ပီဟောင်းက "သူက စရောက်ကတည်းက အထင်ကြီးစရာတွေလုပ်ပြထားနိုင်ပါတယ်။ ကျွန်တော်သူနဲ့အတူ အေစီမီလန်မှာ လက်တွဲခဲ့ဖူးပါတယ်။ သူက အောင်မြင်တဲ့နည်းပြတစ်ယောက်ပါ။ အတွေ့အကြုံတွေအများကြီးရှိပါတယ်။ ဘရာဇီးကို ထိပ်ဆုံးနေရာအထိရောက်အောင်ပို့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

နေမာဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဘရာဇီးအတွက် ပါဝင်ကစားခဲ့ပြီးနောက်ပိုင်း ယခုအချိန်အထိ အသင်းမှာ ပြန်လည်ရွေးချယ်ခြင်းမခံရသေးပါဘူး။ ကစားသမားဟာ ပြင်းထန်ဒူဒဏ်ရာပြဿနာကြောင့် ဘောလုံးကစားခြင်းမှလည်း ၁ နှစ်ခန့်အထိ အနားယူနေခဲ့ရတာဖြစ်ပါတယ်။ 

ယခုတစ်ခေါက် လူစာရင်းမှာ ကစားသမားသစ်တွေရွေးချယ်ခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့ အန်ဆယ်လော့တီက "ကျွန်တော် အသင်းရဲ့ကစားသမားတွေအားလုံးရဲ့အကြောင်းကိုသိရဖို့ ကြိုးစားနေပါတယ်။ သူတို့ရဲ့ နည်းစနစ်နဲ့ကစားပုံတွေကိုသိရရင်တောင် လက်ရွေးစင်အသင်းအတွက် ဘယ်လောက်အထိ အကျိုးပြု နိုင်မလဲ ပြန်ပြီးတော့ စိစစ်သွားရဦးမှာပါ"  လို့ပြောကြားခဲ့ပါတယ်။

သောကြာနေ့မှာတော့ ဘရာဇီးဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ချီလီနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လာမယ့် အင်္ဂါနေ့မှာတော့ ဘိုလီဗီးယားကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။