The network connection is lost.

Banner Image

ကမ္ဘာ့ဖလားမှာ ဘရာဇီးအတွက်ကစားလိုပါက ကြံ့ခိုင်မှုပြည့်ဝနေရမယ်လို့ နေမာကို အန်ဆယ်လော့တီသတိပေး

ဘရာဇီးလက်ရွေးစင်နည်းပြ ကာလိုအန်ဆယ်လော့တီက အသင်းရဲ့လူစာရင်းကနေ ကာလရှည်ထုတ်ပယ်ခံထားရတဲ့ နေမာဂျူနီယာဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြန်လည်ရွေးချယ်ခံရနိုင်ချေရှိပေမယ့် ကြံ့ခိုင်မှုပြည့်ဝနေဖို့လိုအပ်ကြောင်း သတိပေးစကားဆိုလာခဲ့ပါတယ်။ 

နေမာဟာ ၂၀၂၃ ခုနှစ်အောက်တိုဘာလက ဥရုဂွေးကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှစတင်ပြီး ဘရာဇီးအတွက် ထပ်မံကစားခွင့်ရခဲ့တာကြောင့် ယခုအခါ လက်ရွေးစင်အသင်းနဲ့ ၂ နှစ်ကျော်ကြာဝေးကွာနေခဲ့ပြီလည်းဖြစ်ပါတယ်။ကစားသမားဟာ ဘရာဇီးအတွက် စုစုပေါင်း ၁၂၈ ပွဲအထိပါဝင်ကစားခဲ့ပြီး လက်ရှိအချိန်မှာတော့ ငယ်ဘဝကလပ် ဆန်းတို့စ်သို့ပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီမှထွက်ခွာခဲ့ပြီးကတည်းက အသက်-၃၃ နှစ်အရွယ်ကစားသမားဟာ ဒဏ်ရာပြဿနာတွေနဲ့တောက်လျှောက်ကြုံတွေ့ခဲ့ရပြီး ၂၀၂၃-၂၄ ရာသီမှာ ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်အတွက်ကစားပေးရင်း ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ပါတယ်။ ဒါကြောင့် ယခုအခါမှာ အန်ဆယ်လော့တီက နေမာအနေနဲ့ အသင်းမှာပြန်လည်ရွေးချယ်ခံလိုပါက ကြံ့ခိုင်မှုပြည့်ဝနေဖို့လိုအပ်ကြောင်း သတိပေးလာခဲ့တာဖြစ်ပါတယ်။

အီတလီသားနည်းပြက "နေမာက ဘရာဇီးအသင်းမှာ အမြင့်ဆုံစွမ်းဆောင်ရည်နဲ့ ကစားနိုင်ပါတယ်။ သူ့ရဲ့ပါရမီကြောင့် ဒဏ်ရာမရတဲ့အချိန်မှာ သူက ကမ္ဘာပေါ်က ဘယ်အသင်းမှာမဆို ခြေစွမ်းပြနိုင်မှာသေချာပါတယ်။ ကျွန်တော့်ရဲဲ့ရည်မှန်းချက်ကတော့ ဒီအသင်းအတွက်အကောင်းဆုံးပေးဆပ်ဖို့ဖြစ်ပြီး ကမ္ဘာ့ဖလားမှာ ပုံစံကောင်းရဖို့ပါ။ နိုင်ငံခြားသားနည်းပြတစ်ယောက်က ဘရာဇီးအတွက် ကမ္ဘာ့ဖလားယူပေးနိုင်ခဲ့တာမျိုးမရှိခဲ့ဖူးပေမယ့် ဘဝမှာ ပထမဆုံးဆိုတဲ့အရာတွေရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

နေမာဟာ လက်ရှိဘောလုံးမျိုးဆက်အတွင်း ဘရာဇီးအသင်းရဲ့အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခံထားရပေမယ့် လက်ရှိအချိန်မှာတော့ ခြေစွမ်းနဲ့ကြံ့ခိုင်မှုအရ အသင်းမှာပြန်လည်ကစားဖို့အတွက် အတော်လေးရုန်းကန်သွားရဖွယ်ရှိပါတယ်။ ဘရာဇီးဂန္ထဝင် ဘောလွန်းဒီအော်ဆုရှင်ဟောင်း ရော်နယ်ဒိုကတော့ နေမာဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရွေးစင်အသင်းအတွက် ၁၀၀ ရာခိုင်နှုန်းပြည်လည်ကစားပေးနိုင်မယ်လို့ယုံကြည်ကြောင်း အခိုင်အမာပြောကြားထားပါတယ်။ 

လက်ရှိအချိန်မှာတော့ နေမာဟာ ဘရာဇီးအသင်းမှာရွေးချယ်ခံထားရခြင်းမရှိတာကြောင့် လာမယ့်အင်္ဂါနေ့ ဂျပန်နဲ့ယှဉ်ပြိုင်သွားရမယ့် ခြေစမ်းပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပါတယ်။ကစားသမားဟာ ဘရာီးအတွက် စုစုပေါင်း ၁၂၈ ပွဲကစားခဲ့ရာမှာ ၇၉ ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။