
ဒဏ်ရာပြဿနာကြောင့် အင်တာမီယာမီရဲ့ လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ မက်ဆီ
အင်တာမီယာမီစူပါစတားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အသေးစားကြွက်သားဒဏ်ရာကြောင့် ကြာသပတေးနေ့နံနက်က တိုက်ဂါးစ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ မက်ဆီမပါဝင်ပေမယ့် အင်တာမီယာမီဟာ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ရဲ့ဂိုးတွေနဲ့ အိမ်ကွင်းမှာ နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပြီး လိဂ်ဖလား ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်သွားနိုင်ခဲ့ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့က နီကာဇာနဲ့ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားအဖွင့်ပွဲမှာကတည်းက ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ပြီး ပွဲချိန် ၁၁ မိနစ်မှာတင် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ အဆိုပါဒဏ်ရာပြဿနာကြောင့် ပူးမက်စ်၊ အော်လန်ဒိုစီးတီးတို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာလည်း ပါဝင်ကစားခွင့်မရခဲ့ပါဘူး။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အယ်လ်အေဂလက်ဆီကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မက်ဆီအနေနဲ့ ဒုတိယပိုင်း ၄၅ မိနစ်အတွင်း ပြန်လည်ကစားနိုင်ခဲ့ပါတယ်။ သို့သော်လည်း အဆိုပါပွဲစဉ်အပြီးမှာ အင်တာမီယာမီနည်းပြ ဂျာဗီယာမာရှေယာနိုက မက်ဆီအနေနဲ့ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုမပြည့်ဝသေးတာကြောင့် တိုက်ဂါးစ်နဲ့ပွဲစဉ်ကို လွဲချော်သွားနိုင်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။
အဆိုပါကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီမှာ မက်ဆီဟာ လေ့ကျင့်ရေးအစီအစဉ်တွေကို တစ်ကိုယ်တော်ပြုလုပ်ခဲ့ရပြီး ယခုအခါမှာတော့ မာရှေယာနိုပြောတဲ့အတိုင်း ပွဲစဉ်ကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့မှာ မာရှေယာနိုက "မက်ဆီက အသင်းနဲ့အတူ လေ့ကျင့်ရေးမဆင်းနိုင်ဘဲ တစ်ယောက်တည်းသီးသန့်ပြုလုပ်နေရပါတယ်။ အယ်လ်အေဂလက်ဆီနဲ့ပွဲအပြီးမှာ ကျွန်တော်ပြောခဲ့သလိုပါပဲ။ သူ့အနေနဲ့ ကြံ့ခိုင်မှု အပြည့်အဝမရသေးပါဘူး။ မနက်ဖြန် လေ့ကျင့်ရေးအစီအစဉ်မှာ သူ့ရဲ့အခြေအနေကို စောင့်ကြည့်သွားပါမယ်။ ကျွန်တော်ကတော့ သူ့ကိုလူစာရင်းကနေချန်လှပ်မှာမဟုတ်ပါဘူး။ သူကစားချင်ရင် ကစားခွင့်ပြုသွားမှာပါ။ ဒါက သူ့အပေါ်မှာပဲမူတည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
မက်ဆီအနေနဲ့ ယခုတိုက်ဂါးစ်နဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပေမယ့် အသင်းဖော်တွေကိုအားပေးဖို့အတွက်တော့ ပွဲကြည့်စင်ကို ရောက်ရှိလာခဲ့ပါတယ်။ ယခုနှစ်လိဂ်ဖလားပြိုင်ပွဲမှာ မီယာမီဟာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းထားပြီဖြစ်တာကြောင့် မက်ဆီရဲ့ပွဲဦးထွက်ရာသီဖြစ်တဲ့ ၂၀၂၃ ခုနှစ်ကလိုမျိုး နောက်ထပ်တစ်ကြိမ် ဆုဖလားအောင်မြင်မှု ရရှိသွားမလား စောင့်ကြည့်ရပါမယ်။