The network connection is lost.

Banner Image

ရလဒ်ဆိုးတွေကြုံတွေ့နေရပေမယ့် အာမိုရင် အကောင်းဆုံးလုပ်နေကြောင်း ကာကွယ်ပြောကြားလိုက်တဲ့ ရက်ကလစ်ဖ်

မန်ချက်စတာယူနိုက်တက်ကို တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်ထားတဲ့ ရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်က အသင်းဟာရလဒ်ဆိုးတွေကြုံတွေ့နေရပေမယ့် နည်းပြအာမိုရင်အနေနဲ့ လူစာရင်းတစ်ဝက်တည်းနဲ့ အကောင်းဆုံးလုပ်နေကြောင်း ကာကွယ်ပြောကြားလာခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာရပ်တည်နေတာကြောင့် ဘောလုံးဝေဖန်သုံးသပ်သူတွေထံမှသာမက ပရိသတ်တွေထံကပါ ဝေဖန်ပြစ်တင်မှုတွေနဲ့ ကြုံတွေ့ထားရတာဖြစ်ပါတယ်။ ရက်ကလစ်ဖ်က အာမိုရင်ကို ဝေဖန်မှုတွေမပြုလုပ်ကြဖို့နဲ့ အသင်းမှာ ဒဏ်ရာပြဿနာကြောင့် လုံလောက်တဲ့လူစာရင်းမရှိကြောင်း အကြောင်းပြလာခဲ့ပါတယ်။ 

ရက်ကလစ်ဖ်က "အာမိုရင်ကအသင်းကို ရာသီဝက်မှရောက်လာခဲ့တာပါ။ လက်ရှိအသင်းရဲ့လူစာရင်းက သူ့အတွက်လုံလောက်မှုမရှိပါဘူး။ သူအကောင်းဆုံးလုပ်ထားတယ်လို့ ကျွန်တော်ထင်ပါတယ်။ လူတိုင်းကတော့ အသင်းဟာ တစ်ချိန်မှာ အကောင်းဆုံးဖြစ်လာမယ်လို့ မျှော်လင့်ကြတာပါပဲ။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ ဖြစ်နိုင်ဖို့ခက်ပါတယ်။ အာဆင်နယ်ကို ၁-၁ နဲ့သရေကျတဲ့ပွဲမှာ အသင်းရဲ့စွမ်းဆောင်ရည်က အတော်လေးအထင်ကြီးစရာကောင်းခဲ့တယ်လို့ထင်ပါတယ်။ အလုပ်မကြိုးစားထားရင် ဒီလိုမျိုးမြင်တွေ့ရမှာမဟုတ်ပါဘူး"

"အသင်းရဲ့အရန်ခုံကိုကြည့်လိုက်မယ်ဆိုရင် ကစားသမားတွေ အလုံအလောက်မရှိပါဘူး။ အသင်းရဲ့ကစားသမား တစ်ဝက်လောက်က မကစားနိုင်ကြပါဘူး။ ယူနိုက်တက်ရဲ့ လစာအများဆုံးကစားသမား ၈ ယောက်ထဲမှာ အာမိုရင်အသုံးပြုနိုင်တဲ့ကစားသမားက ၅ ယောက်တောင်မရှိပါဘူး။ တကယ်လို့ ဒီလိုအဖြစ်မျိုး လီဗာပူးတို့ မန်စီးတီးတို့မှာဖြစ်ခဲ့လို့ သူတို့လည်း ကျွန်တော်တို့လိုပဲဖြစ်နေမှာပါ။ အသင်းရဲ့ လစာအများဆုံးကစားသမား ၈ ယောက်ထဲမှာ မေဆင်မောင့်နဲ့ လုခ်ရှောတို့က ဒဏ်ရာရနေကြပါတယ်။ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုကတော့ အသင်းကနေထွက်သွားပါပြီ။ ပြီးတော့ အခြားအရေးပါတဲ့ကစားသမားတွေထဲက ကိုဘီမိုင်နူးနဲ့ မာတီနက်ဇ်တို့ကလည်း ဒဏ်ရာတွေနဲ့ပါ" လို့ပြောကြားခဲ့ပါတယ်။ 

အာမိုရင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အဲရစ်တန်ဟက်ရဲ့နေရာကို အစားထိုးဝင်ရောက်လာတာဖြစ်ပြီး အခုချိန်အထိတော့ အားရလောက်တဲ့စွမ်းဆောင်ရည်မျိုး ပြသထားနိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် ယူနိုက်တက်ဟာ အာမိုရင်လက်ထက်မှာ ပြည်တွင်းဖလားပြိုင်ပွဲတွေဖြစ်တဲ့ ကာရာဘောင်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတို့မှ ထွက်ခွာထားခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ရပ်တည်မှုအခြေအနေဆိုးနေတာကြောင့် ဒီရာသီ အသင်းရဲ့နောက်ဆုံးမျှော်လင့်ချက်ဟာ ယူရိုပါလိဂ်ဖလားသာကျန်ရှိတော့တာဖြစ်ပါတယ်။ လက်ရှိယူနိုက်တက်ရဲ့ဒဏ်ရာရ ကစားသမားစာရင်းထဲမှာ ကိုဘီမိုင်နူး၊ အာမက်ဒီယာလို၊ လုခ်ရှော၊ လီဆန်ဒရိုမာတီနက်ဇ်နဲ့ အခြားကစားသမားတွေရှိနေလို့ အာမိုရင်အနေနဲ့ ရှိသလောက်လူစာရင်းနဲ့ ရှေ့ဆက်နေရတာဖြစ်ပါတယ်။ 

လာမယ့်သောကြာနေ့မှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာဧည့်ခံကစားသွားရမှာဖြစ်ပြီး ပထမအကျော့မှာ ၁-၁ နဲ့သရေကျထားခဲ့တာကြောင့် ယခုပွဲစဉ်မှာအနိုင်ရလဒ်ကိုမဖြစ်မနေဖော်ဆောင်ဖို့လိုအပ်နေပါတယ်။