မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်ကို အမှန်တကယ် နားလည်သူဖြစ်တယ်လို့ လုခ်ရှော ချီးကျူး
မန်ချက်စတာယူနိုက်တက် နောက်ခံလူ လုခ်ရှောကတော့ စပါးအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းရဲ့ ယာယီနည်းပြ မိုက်ကယ်ကာရစ်ရဲ့ စွမ်းဆောင်ရည်တွေကို အမွှမ်းတင် ပြောကြားလိုက်ပါတယ်။
စနေနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ မန်ယူအသင်းဟာ စပါးအသင်းကို ၂ ဂိုး - ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒါဟာ ကာရစ် တာဝန်ယူကိုင်တွယ်ပြီးနောက်ပိုင်း ၄ ပွဲကစား ၄ ပွဲနိုင်ဆိုတဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ လုခ်ရှောက ကာရစ်ဟာ အသင်းထဲကို ပြောင်းလဲမှုတွေ အများကြီး ယူဆောင်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အရေးကြီးဆုံးအချက်ကတော့ သူဟာ ဒီအသင်းအကြောင်းကို ကောင်းကောင်းသိနေပြီး အောင်နိုင်ဖို့အတွက် ဘာတွေလိုအပ်တယ်ဆိုတာကို နားလည်နေတာပဲလို့ ရှောက ပြောကြားခဲ့ပါတယ်။
ကာရစ်ဟာ ကစားသမားဘဝတုန်းကလည်း မန်ယူအသင်းနဲ့အတူ အောင်မြင်မှုတွေ အများကြီး ရယူခဲ့သူဖြစ်သလို အသင်းရဲ့ ပတ်ဝန်းကျင် အခြေအနေကိုလည်း အပြည့်အဝ နားလည်ထားသူဖြစ်တယ်လို့ သိရပါတယ်။
ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ဘယ်လိုထုတ်ယူရမလဲဆိုတာ သူ သိပါတယ်။ အခုလို အနိုင်ရလဒ်တွေက လူတိုင်းကို စိတ်ကျေနပ်မှု ရစေသလို ယုံကြည်မှုတွေကိုလည်း တိုးတက်လာစေတယ်၊ ဒါဟာ နေ့စဉ်လေ့ကျင့်ခန်းတွေမှာ သူတောင်းဆိုတဲ့ အရည်အသွေးတွေကြောင့်လည်း ဖြစ်တယ်လို့ ရှောက ဖွင့်ဟခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိအချိန်မှာ အရှုံးမပေးဘဲ ဆက်လက် ကြိုးစားသွားရမှာဖြစ်ပြီး အောင်ပွဲခံနေဖို့ထက် လာမယ့်ပွဲစဉ်တွေအတွက် အမြန်ဆုံး ပြန်လည် နာလန်ထူပြီး အာရုံစိုက်သွားဖို့ လိုအပ်တယ်လို့လည်း ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့် အင်္ဂါနေ့ညမှာတော့ ဝက်စ်ဟမ်း အသင်းနဲ့ ဆက်လက် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။