ယူနိုက်တက်နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ယူရို ၅၅ သန်းနဲ့ ခေါ်ယူဖို့ ဘာစီလိုနာ မျက်စိကျနေ
စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ အခုရာသီမှာ အားနည်းချက်ဖြစ်နေတဲ့ ဗဟိုနောက်ခံလူနေရာကို အားဖြည့်ဖို့အတွက် လာမယ့်နွေရာသီမှာ ကစားသမားသစ်တစ်ဦး ခေါ်ယူဖို့ စီစဉ်နေပါတယ်။ အသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာ နောက်ခံလူအများအပြား ပါဝင်နေပြီး အခုအခါမှာတော့ နာမည်ကျော်ကစားသမားသစ်တစ်ဦးရဲ့ အမည်က ထိပ်ဆုံးကနေ ထွက်ပေါ်လာခဲ့တာပါ။
ဘာစီလိုနာအသင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြီးခဲ့တဲ့နွေရာသီက အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ အင်နီဂို မာတီနက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘယ်ခြေအားပြု ဗဟိုနောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ ဖြစ်ပါတယ်။ အရင်က နီကို ရှလော့တာဘက်ခ်နဲ့ ဂွန်ကာလို အီနာစီယိုတို့ကို စိတ်ဝင်စားခဲ့ပေမယ့် လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့ အခွင့်အလမ်းပိုများနေတယ်လို့ သိရပါတယ်။
ဘာစီလိုနာဟာ မာတီနက်ဇ်တစ်ယောက် အေဂျက်စ်အသင်းမှာ ကစားကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး လာမယ့်နွေရာသီမှာ အမှန်တကယ်ကမ်းလှမ်းဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဘက်ကတော့ အာဂျင်တီးနားလက်ရွေးစင်နောက်ခံလူကို ရောင်းချဖို့ တွန့်ဆုတ်နေပေမယ့် ကတ်တလန်သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ယူရို ၅၅ သန်းဝန်းကျင်နဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။
မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ၁၈ လအတွင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ဘယ်ခြေအားပြု နောက်ခံလူဖြစ်ပြီး ဘောလုံးပေးပို့မှုအပိုင်းမှာလည်း ထူးချွန်သူဖြစ်တာကြောင့် ဘာစီလိုနာရဲ့ လိုအပ်ချက်နဲ့ ကောင်းကောင်းကိုက်ညီနေတာပါ။ ၎င်းရဲ့ အရပ်အမောင်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုအချို့ ရှိနေပေမယ့် လာလီဂါဟာ ပရီးမီးယားလိဂ်လောက် ရုပ်ပိုင်းဆိုင်ရာ အားပြုကစားရမှု မများတာကြောင့် စပိန်မြေမှာ ပိုမိုခြေစွမ်းပြနိုင်မယ်လို့ ခန့်မှန်းရပါတယ်။
လက်ရှိအခြေအနေအရ ဘာစီလိုနာအတွက် ဗဟိုနောက်ခံလူသစ် ခေါ်ယူရေးဟာ လာမယ့်နွေရာသီမှာ အမှားခံလို့မရတဲ့ ကိစ္စရပ်တစ်ခု ဖြစ်နေပါတယ်။ အသင်းမှာ ပါအူး ကျူဘာစီနဲ့ အဲရစ် ဂါစီယာတို့က ပုံမှန်ခြေစွမ်းပြနေကြပေမယ့် လာမယ့်ရာသီမှာ သူတို့နဲ့အတူ တွဲဖက်ကစားဖို့ သဘာဝဘယ်ခြေအားပြု နောက်ခံလူတစ်ဦးကို အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် ဘာစီလိုနာအနေနဲ့ လာမယ့်နွေရာသီမှာ ဘယ်ကစားသမားကို ခေါ်ယူဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ မာတီနက်ဇ်အတွက် ယူရို ၅၅ သန်းဆိုတဲ့ ပမာဏဟာ ဘာစီလိုနာအတွက် သင့်တော်တဲ့ဈေးနှုန်းဖြစ်ပေမယ့် ယူနိက်တက်အသင်းဆီကနေ အရခေါ်ယူဖို့ကတော့ စိန်ခေါ်မှုတွေ ရှိနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။