ယူနိုက်တက်မှာ သူချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေက အခုချိန်မှာ အလုပ်ဖြစ်နေပြီလို့ဆိုလာတဲ့ ရက်ကလစ်ဖ်
မန်ချက်စတာယူနိုက်တက်အသင်းမှာ သူ့ကို "လူကြိုက်နည်း" စေခဲ့တဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေဟာ အခုအချိန်မှာတော့ ရလဒ်ကောင်းတွေ စတင်ထွက်ပေါ်လာပြီလို့ ဂျင်မ်ရက်ကလစ်ဖ်က အခိုင်အမာ ဆိုပါတယ်။
မန်ယူအသင်းရဲ့ အစုရှယ်ယာတွေကို လွန်ခဲ့တဲ့ နှစ်နှစ်က ဝယ်ယူခဲ့ပြီးနောက်ပိုင်း အသင်းပိုင်ရှင်တစ်ဦးဖြစ်သူ ရက်ကလစ်ဖ်ဟာ အိုးလ်ထရက်ဖို့ဒ်က ဝန်ထမ်းအင်အား လျှော့ချမှုတွေကို အငြင်းပွားဖွယ်ရာ ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် သူ မန်ယူအသင်းရဲ့ ဘောလုံးရေးရာတွေကို ဦးဆောင်ကိုင်တွယ်နေတဲ့ မတည်ငြိမ်တဲ့ ကာလအတွင်းမှာ ရလဒ်မကောင်းတဲ့ နည်းပြတွေဖြစ်ကြတဲ့ အဲရစ်တန်ဟက်ဂ်နဲ့ ရူဘင်အာမိုရင်တို့ကိုလည်း ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
အခုရာသီမှာတော့ ဗြိတိန်ဘီလျံနာကြီး ရက်ကလစ်ဖ်နဲ့ အသင်းပိုင်ရှင် ဂလေဇာမိသားစုတို့ဟာ စိတ်ပျက်နေကြတဲ့ မန်ယူပရိသတ်တွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ ယာယီနည်းပြ မိုက်ကယ်ကားရစ်ကတော့ အသင်းကို နိုင်ပွဲ ၄ ပွဲနဲ့ သရေ ၁ ပွဲ ရအောင် စွမ်းဆောင်ပေးပြီး ရလဒ်တွေ ပြန်လည်ကောင်းမွန်လာအောင် လုပ်ပေးနိုင်ခဲ့လို့ ရက်ကလစ်ဖ်အတွက် အသက်ရှူချောင်စေခဲ့ပါတယ်။ လက်ရှိမှာ မန်ယူအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက် ပြန်လည် ကြိုးပမ်းနိုင်တဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။
INEOS ဓာတုဗေဒလုပ်ငန်းစုကို တည်ထောင်သူ ရက်ကလစ်ဖ်က ဗုဒ္ဓဟူးနေ့မှာ Sky News နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ နိုင်ငံရေးသမားတွေအနေနဲ့ ပြဿနာကြီးတွေကို ဖြေရှင်းနိုင်ဖို့အတွက် လူကြိုက်နည်းမယ့် ဆုံးဖြတ်ချက်တွေကို ခက်ခက်ခဲခဲ ချမှတ်ရတတ်တဲ့အကြောင်း ပြောကြားခဲ့တာပါ။
မန်ယူအသင်းနဲ့ ပတ်သက်ပြီးတော့လည်း သူက "ဘောလုံးကလပ်မှာလည်း ဒီလိုမျိုး အခြေအနေတွေကို ကျွန်တော် တော်တော်များများ ကြုံတွေ့ခဲ့ရတယ်" လို့ ပြောပါတယ်။
"မန်ချက်စတာယူနိုက်တက်မှာ လုပ်သင့်တယ်လို့ ကျွန်တော်တို့ယူဆတဲ့ ခက်ခဲတဲ့အရာတွေကို လုပ်ဆောင်တဲ့အခါ၊ ဒါဟာ မှန်ကန်တဲ့ လုပ်ရပ်လို့ ကျွန်တော်တို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်ဆောင်တဲ့အခါ ခေတ္တခဏတော့ လူကြိုက်နည်းတာမျိုး ဖြစ်တတ်ပါတယ်"
"ဟုတ်ပါတယ်၊ အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့တာကြောင့် မန်ယူမှာ ကျွန်တော်ဟာ လူကြိုက်အနည်းဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ ဒါဟာ ပိုကောင်းလာဖို့အတွက် လုပ်ခဲ့တာပါ"
"အခုဆိုရင် အသင်းမှာ အဲဒီလို လုပ်ခဲ့တာတွေက အလုပ်ဖြစ်လာပြီဆိုတဲ့ သက်သေအထောက်အထားတချို့ကို စတင် မြင်တွေ့နေရပြီလို့ ကျွန်တော် ထင်ပါတယ်" လို့ ၎င်းက ပြောကြားသွားခဲ့ပါတယ်။