ယခုနှစ်ရာသီအကုန်မှာ ယူနိုက်တက်မှထွက်ခွာမယ်လို့ အတည်ပြုလိုက်တဲ့ ကတ်စ်မဲရိုး
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ ယခုနှစ်ရာသီကုန်မှာ အသင်းကနေထွက်ခွာသွားမယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။ အသက်-၃၃ နှစ်အရွယ် ဘရာဇီးလက်ရွေးစင်ဟာ ၂၀၂၂ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်မှ အိုးလ်ထရက်ဖို့ဒ်သို့ ပေါင်သန်း ၇၀ နဲ့ပြောင်းရွှေ့လာခဲ့ပြီး ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၄၆ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ ကတ်စ်မဲရိုးဟာ အသင်းနဲ့အတူ သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးရာသီမှာ ကာရာဘောင်ဖလားကိုဆွတ်ခူးနိုင်ခဲ့သလို၊ အက်ဖ်အေဖလားအောင်မြင်မှုကိုလည်း ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။
ဒါ့အပြင် နည်းပြဟောင်း အဲရစ်တန်ဟက်ရဲ့ဦးဆောင်မှုနဲ့အတူ ကတ်စ်မဲရိုးဟာ ယူနိုက်တက်ကို ၂၀၂၂-၂၃ ရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်စေခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
သို့သော်လည်း နောက်ပိုင်းရာသီတွေမှာတော့ ကတ်စ်မဲရိုးတစ်ယောက် ခြေစွမ်းကျဆင်းလာခဲ့သလို၊ အသင်းရဲ့ရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်အနေနဲ့ အသုံးစရိတ်ကိုလျှော့ဖို့ကြိုးစားနေတာကြောင့် ဘရာဇီးသားရဲ့လစာဟာ အသင်းမှာ ဝေဖန်စရာဖြစ်လာခဲ့ပါတယ်။ ရက်ကလစ်ဖ်အနေနဲ့ ယူနိုက်တက်ရဲ့ လစာပေးချေမှုကုန်ကျစရိတ်ကိုလျှော့ချဖို့လိုအပ်ကြောင်း အရင်ကတည်းက ပြောကြားထားခဲ့သူဖြစ်ပြီး ကတ်စ်မဲရိုးဟာ အသင်းရဲ့လစာအများဆုံးရ ကစားသမားစာရင်းမှာ ပါဝင်နေသူဖြစ်ပါတယ်။
ယခုနှစ်ရာသီအစကတည်းက ကတ်စ်မဲရိုးရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုတွေရှိနေပေမယ့် ကစားသမားဟာ ဒီရာသီ အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိထားခဲ့ပါတယ်။ ယူနိုက်တက်ဘက်မှ သတင်းရင်းမြစ်တွေအရ အသင်းဟာ လွန်ခဲ့တဲ့ အချိန်ကာလအတန်ကြာကတည်းက ကတ်စ်မဲရိုးကို စာချုပ်သက်တမ်းတိုးခွင့်မပေးဖို့ ဆုံးဖြတ်ထားခဲ့တယ်လို့လည်း သိရပါတယ်။
ယူနိုက်တက်မှထွက်ခွာသွားမယ့်အကြောင်းကို ကတ်စ်မဲရိုးက "ကျွန်တော့်ဘဝတစ်လျှောက်လုံး မန်ချက်စတာယူနိုက်တက်ကို ရင်ထဲမှာ အမြဲသယ်ဆောင်သွားမှာပါ။ အသင်းကနေထွက်ရဖို့ ၄ လလောက်လိုသေးလို့ လက်ကျန်ပွဲစဉ်တွေမှာ အစွမ်းကုန်ပေးဆပ်ကစားသွားဖို့လည်း ဆုံးဖြတ်ထားပါတယ်" လို့ဆိုရှယ်မီဒီယာမှတစ်ဆင့် ပရိသတ်တွေထံအသိပေးထားပါတယ်။
ကတ်စ်မဲရိုးထွက်ခွာသွားပါက ယူနိုက်တက်အနေနဲ့ လစာငွေကုန်ကျစရိတ်နဲ့ အသင်းရဲ့လူစာရင်းမှာ နေရာလွတ်တွေရရှိလာမှာဖြစ်လို့ လာမယ့်နွေရာသီမှာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ လုပ်ဆောင်သွားရတော့မှာဖြစ်ပါတယ်။