ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဖာနန်ဒက်စ်ကို ထိန်းချုပ်ဖို့ပြင်ဆင်ခဲ့ပုံကို ဖွင့်ဟလာတဲ့ ပိုစတီကိုဂလူ
တော့တင်ဟမ်အသင်းနည်းပြဟောင်း အန်ဂျီ ပိုစတီကိုဂလူဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ရူဘင် အာမိုရင် လုံးဝ အဖြေရှာမရဖြစ်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကို ဟန့်တားခဲ့တဲ့ သူ့ရဲ့ နည်းဗျူဟာအကြောင်းကို ထုတ်ဖော်ပြောကြားလာပါတယ်။
ယူနိုက်တက်အသင်းဟာ ခြေစွမ်းမတည်ငြိမ်တာ၊ ရလဒ်တွေ ဆိုးရွားတာနဲ့ ကွင်းပြင်ပက စိန်ခေါ်မှုတွေကြောင့် ပြဿနာပေါင်းစုံ ကြုံခဲ့ရတဲ့ ၁၄ လတာ ကာလကို အဆုံးသတ်ဖို့အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အာမိုရင်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ အာမိုရင် လက်ထက်မှာ အဆိုးရွားဆုံး အခိုက်အတန့်တွေထဲက တစ်ခုကတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့တာပါပဲ။
၂၀၂၄-၂၅ ရာသီရဲ့ နောက်ဆုံးပိုင်းမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ဇယားရဲ့ အောက်ခြေအဆင့်တွေမှာ ရောက်နေခဲ့တာကြောင့် ယူရိုပါလိဂ်ဟာ သူတို့အတွက် ကလပ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရာသီဖြစ်မသွားအောင် ကယ်တင်ပေးနိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဆန်မာမက်စ် အားကစားကွင်းမှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ တော့တင်ဟမ်နဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်ကတော့ အားရစရာမရှိဘဲ အားနည်းလွန်းနေခဲ့ပါတယ်။ အာမိုရင်ရဲ့အသင်းဟာ တိုက်စစ်ပိုင်းမှာလည်း ထိရောက်မှု မရှိခဲ့သလို ကျစ်လျစ်တဲ့ တော့တင်ဟမ်ရဲ့ ခံစစ်ကိုလည်း ဖောက်ထွက်ဖို့ လမ်းစမတွေ့ခဲ့ပါဘူး။ ၄၂ မိနစ်မှာ သွင်းယူခဲ့တဲ့ ဘရန်နန် ဂျွန်ဆင်ရဲ့ ဂိုးတစ်ဂိုးတည်းနဲ့ပဲ ပွဲက အဆုံးအဖြတ် ဖြစ်သွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် တော့တင်ဟမ်ဟာ ၁၇ နှစ်ကြာ ဆုဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့သလို နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် ဥရောပ ဆုဖလားကိုလည်း ရရှိခဲ့ပါတယ်။
The Overlap အစီအစဉ်မှာ စကားပြောရင်း ပိုစတီကိုဂလူးက အဲဒီပွဲအတွက် သူ့ရဲ့ အစီအစဉ်ဟာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကို ထိန်းချုပ်ဖို့ပဲ ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ပိုစတီကိုဂလူက "သိကြတဲ့အတိုင်းပဲ၊ တစ်ချိန်မှာ ကျွန်တော်တို့ ဂိုးဧရိယာအစပ်မှာ ကစားသမား ခုနစ်ယောက်လောက်အထိ တန်းစီပြီး ပိတ်ဆို့ထားခဲ့တာပါ။ တစ်ဖက်မှာလည်း ဘရူနိုကိုသာ ထိန်းချုပ်ထားနိုင်ရင် သူတို့ ဂိုးသွင်းနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိနေခဲ့ပါတယ်" လို့ ပြောပါတယ်။
"ယူနိုက်တက်ကို ကြည့်ရသလောက် အာမိုရင် ခင်းကျင်းထားတဲ့ ပုံစံနဲ့ဆိုရင် ကျွန်တော်တို့ ခံစစ်သာ အမှန်တကယ် ကျစ်လျစ်နေမယ်ဆိုရင် သူတို့ ဘယ်လိုပဲ ဖောက်ထွက်ဖို့ ကြိုးစားပါစေ၊ ကျွန်တော်တို့ဘက်က ဂိုးရဖို့ပဲ အရေးကြီးတယ်လို့ ခံစားခဲ့ရတယ်" လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီးတော့လည်း "ကျွန်တော်တို့ရဲ့ အရင်လို အရှိန်အဟုန်နဲ့ ဖိအားပေးကစားပုံ (Pressing) ကတော့ ပြောင်းလဲမသွားပါဘူး။ ဒါပေမဲ့ ပိုပြီး တိုက်ရိုက်ဆန်ဆန် ကစားတာမျိုးနဲ့ ခံစစ်ပိုင်းကို ပိုပြီး တင်းတင်းကျပ်ကျပ် ကစားခဲ့တာတော့ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကျွန်တော့်အတွက် ထူးခြားတဲ့ အခွင့်အရေးတစ်ခုလို့ စိတ်ထဲမှာ တွေးမိခဲ့လို့ပါ" လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ပိုစတီကိုဂလူးဟာ ဗိုလ်လုပွဲအပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာပဲ တော့တင်ဟမ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီနောက် မြောက်လန်ဒန်ကလပ်ဟာ သောမတ်စ် ဖရန့်ကို အစားထိုး ခန့်အပ်ခဲ့ပေမဲ့ သူဟာလည်း ၇ လအကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။