အာဆင်နယ်ကိုအနိုင်ရခဲ့လို့ အလွန်ဂုဏ်ယူမိကြောင်းပြောကြားလာတဲ့ ကာရစ်
တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်ကို ၂-၃ နဲ့အံ့အားသင့်ဖွယ်အနိုင်ရပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြသစ် မိုက်ကယ်ကာရစ်က နိုင်ပွဲအတွက် အလွန်အမင်းဂုဏ်ယူမိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အာဆင်နယ်ဟာ ယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေမယ့် ဘရိုင်ယန်အမ်ဘွေမိုနဲ့ ပက်ထရစ်ဒေါ်ဂူတို့ရဲ့ဂိုးတွေကြောင့် အိမ်ကွင်းမှာ ၁-၂ နဲ့ပြန်လည်ဦးဆောင်ခြင်းခံခဲ့ရပါတယ်။
ထို့နောက်မှာ အာဆင်နယ်ဟာ အသင်းရဲ့ထုံးစံအတိုင်း ထောင့်ကန်ဘောမှတစ်ဆင့် ချေပဂိုးသွင်းယူက ၂-၂ ဆိုတဲ့ရလဒ်ကို ပြန်လည်ပုံဖော်နိုင်ခဲ့ပြီး သရေတစ်မှတ်ရရှိဖို့ နီးစပ်ခဲ့ပေမယ့် ၃ မိနစ်အကြာမှာပဲ ယူနိုက်တက်ရဲ့ လူစားဝင်ကစားသမား မားသီးယက်စ်ကွန်ဟာရဲ့ လှပတဲ့ အနိုင်ဂိုးကြောင့် အိမ်ကွင်းမှာ ၂-၃ နဲ့အရေးနိမ့်ခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် ကာရစ်လက်ထက်မှာ ယူနိုက်တက်ဟာ ၂ ပွဲကစား ၂ ပွဲနိုင်ရလဒ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ အာဆင်နယ်ကိုအနိုင်ရခဲ့ပေမယ့် ကာရစ်ကတော့ ယခုပွဲစဉ်ဟာ ပြီးခဲ့တဲ့အပတ်က မန်စီးတီးနဲ့ပွဲစဉ်လောက် မလွယ်ကူခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ကာရစ်က "ဒီနိုင်ပွဲအတွက် တကယ်ကိုဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲက ပြီးခဲ့တဲ့အပတ်ကပွဲနဲ့ မတူပါဘူး။ အတော်လေး ကွဲပြားပါတယ်။ ဒီနေ့ အရမ်းခက်ခဲမယ်ဆိုတာ ကြိုသိပြီးထားပါ။ အာဆင်နယ်က ကျွန်တော်တို့ကို နည်းမျိုးစုံနဲ့ ဖိအားပေးခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ပြီးခဲ့တဲ့အပတ်ကလောက် ကျွန်တော်တို့ဘက်က ပုံမှန်ခြိမ်းခြောက်မှုတွေမလုပ်နိုင်ခဲ့ပေမယ့် အန္တရာယ်ပေးနိုင်တဲ့ အခိုက်အတန့်တွေလည်းရှိခဲ့ပါတယ်"
"ဒီကွင်းမှာ ၃ ဂိုးအထိသွင်းနိုင်ခဲ့တာ တကယ်ကိုအပြုသဘောဆောင်ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် နောက်ကနေပြန်လိုက်နိုင်ခဲ့ပါတယ်။ အခက်အခဲကြုံရပေမယ့် ပြန်လာနိုင်တာက အသင်းအတွက် တကယ်အရေးအကြီးတဲ့အခိုက်အတန့်ပါ။ ကျွန်တော်တို့ကစားသမားတွေ ဒီနေ့မှာ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလောက်မလွယ်ကူခဲ့တာတော့ အမှန်ပါ။ အရင်အပတ်က ပွဲက ကျွန်တော်တို့လက်ထဲမှာရှိခဲ့ပေမယ့် ဒီနေ့ကတော့ ကျွန်တော်တို့ အောက်ကနေ ရုန်းခဲ့ရတာပါ။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် တကယ်ဂုဏ်ယူပါတယ်" လို့ပြောကြားခဲ့ပါတယ်။