မိုင်နူးရဲ့ခြေစွမ်းအပေါ်အလွန်ကျေနပ်အားရမိကြောင်း ပြောကြားလာတဲ့ ကာရစ်
မန်ချက်စတာယူနိုက်တက်နည်းပြ ကာရစ်ဟာ သူအသင်းကို စတင်တာဝန်ယူကိုင်တွယ်ချိန်ကစပြီး မိုင်နူး ပြသနေတဲ့ ခြေစွမ်းအပေါ် ကျေနပ်အားရနေပါတယ်။
ယခင်နည်းပြ ရူဘင်အာမိုရင် လက်ထက်မှာ အသင်းလူစာရင်းကနေ ချန်လှပ်ခံထားရတဲ့ ကွင်းလယ်လူ မိုင်နူးကို ကာရစ်က ပွဲထွက်လူစာရင်းထဲ ပြန်လည်ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။
"ကျွန်တော် မိုင်နူးကို သိတာ ကြာပါပြီ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော် နည်းပြလိုင်စင်အတွက် စတင်ပြင်ဆင်နေချိန်၊ သူ အသက် ၁၃ နှစ်၊ ၁၄ နှစ်လောက်ကတည်းက သူ့ကို စတင်လေ့ကျင့်ပေးခဲ့ဖူးတာပါ။ အဲ့ဒီတုန်းကတော့ အနည်းအကျဉ်းပေါ့။ နောက်ပြီး ကျွန်တော် ဒီအသင်းမှာ ပထမဆုံးအကြိမ် ရှိနေတုန်းကလည်း သူက အသင်းနဲ့အတူ အနီးအနားမှာ ရှိနေခဲ့သူပါ" လို့ ကာရစ်က BBC Sport ကို ပြောကြားခဲ့ပါတယ်။
"ဒါကြောင့် သူ့အကြောင်းကို ကောင်းကောင်းသိသလို၊ အတွေ့အကြုံလည်း ရှိတဲ့အပြင် ပွဲကြီးပွဲကောင်းတွေမှာ သူ ဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲဆိုတာကိုလည်း မြင်တွေ့ခဲ့ရပြီးပါပြီ။ နည်းပြတစ်ယောက်အနေနဲ့ ဒီလိုအဆင့်အတန်းမျိုးမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် အရင်ကလည်း ပြောဖူးပါတယ်။ မိုင်နူးက အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ပြနေတာတွေက တကယ်ကို အံ့ဩဖို့ ကောင်းပါတယ်" လို့ ၎င်းက ဆိုပါတယ်။
"သူ ဘယ်လောက်တောင် ငယ်သေးလဲဆိုတာကို ကျွန်တော်တို့ မေ့နေတတ်ကြပါတယ်။ ကျွန်တော်ကတော့ သူ့ရဲ့ကစားဟန်ကို ကြည့်ရတာ သဘောကျသလို သူ ဘာတွေလုပ်နိုင်လဲဆိုတာကိုလည်း သိပါတယ်။ ဒါကြောင့် သူ့ကို ပွဲထုတ်ဖို့ ဆုံးဖြတ်ချက်က ကျွန်တော့်အတွက် တကယ်တော့ မခက်ခဲပါဘူး။ တကယ်တမ်းပြောရရင် ပွဲမကစားရတာ ကြာတဲ့အခါမှာ ကိုယ့်ရဲ့ ကစားဟန်နဲ့ ပုံစံကောင်းကို ပြန်ရှာဖို့ဆိုတာ မလွယ်ကူပါဘူး"
"သူ့အနေနဲ့ ပိုကောင်းအောင် လုပ်ရမယ့်အချက်တွေ၊ တိုးတက်ဖို့ လိုအပ်တာတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဲ့ဒါတွေကို အခုလောလောဆယ် မခိုင်းသေးပါဘူး။ ဘာလို့လဲဆိုတော့ သူ့ကို လွတ်လွတ်လပ်လပ် ကစားခိုင်းပြီး သူ့ရဲ့ ကစားကွက်နဲ့ အရှိန်အဟုန်ကို ပြန်ရှာနိုင်ဖို့ပဲ အခွင့်အရေး ပေးထားလို့ပါ"
"ကျွန်တော် သူ့ကို လမ်းညွှန်ချက်တွေ အများကြီး မပေးမိဖို့ သတိထားနေပါတယ်။ နေရာယူပုံ အနည်းအကျဉ်းနဲ့ တခြား လိုအပ်တာလေးတွေပဲ ပြောပြဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရှိရင်းစွဲအရည်အချင်းကိုပဲ ကျွန်တော် ယုံကြည်ပါတယ်။ သူက တကယ့်ကို ထူးချွန်တဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်သလို ပါရမီလည်း အများကြီးရှိပါတယ်" လို့ ကာရစ်က ပြောကြားခဲ့ပါတယ်။