
ယူနိုက်တက်မှထုတ်ပယ်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အင်တာဗျူးမှာပဲ ယူနိုက်တက်ကစားသမားတွေကို ဝေဖန်လာတဲ့ တန်ဟက်
မန်ချက်စတာယူနိုက်တက်မှ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြဟောင်း အဲရစ်တန်ဟက်ဟာ အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာလာပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာပဲ ယူနိုက်တက်ကစားသမားတွေကို ဝေဖန်ပြောဆိုလာခဲ့ပါတယ်။ နယ်သာလန်သားနည်းပြဟာ ယူနိုက်တက်ကို တာဝန်ယူကိုင်တွယ်ခဲ့စဉ်မှာ ကာရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတို့ကို ၁ ကြိမ်စီဆွတ်ခူးပေးနိုင်ခဲ့ပေမယ့် အသင်းရဲ့အကြီးအကဲတွေရဲ့ မျှော်လင့်ချက်ကိုတော့ အပြည့်အဝမဖြည့်ဆည်းပေးနိုင်ခဲ့လို့ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။
ယခုအခါမှာတော့ ယူနိုက်တက်က တန်ဟက်ရဲ့နေရာကို စပို့တင်းလစ္စဘွန်းနည်းပြဟောင်း ရူဘင်အာမိုရင်နဲ့အစားထိုးထားပြီး လောလောဆယ်မှာတော့ ပုံစံကောင်းရဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ တန်ဟက်ရဲ့လက်ထက်မှာ ယူနိုက်တက်ရဲ့အဝတ်လဲခန်းဟာ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ ဂျေဒန်ဆန်ချိုနဲ့၊ အလီဂျန်ဒရိုဂါနာချိုတို့လိုကစားသမားတွေရှိနေခဲ့ပြီး နယ်သာလန်သားအနေနဲ့ ကြယ်ပွင့်တွေကို ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရပါတယ်။
အသက်-၅၅ နှစ်အရွယ်နည်းပြဟာ အဆိုပါကစားသမားတွေကို ကိုင်တွယ်နိုင်ဖို့ ခက်ခဲခဲ့ကြောင်းနဲ့ သူ့ရဲ့စိတ်ကြိုက်ပုံစံအတိုင်း မထိန်းချုပ်နိုင်ခဲ့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ တန်ဟက်က "ဒီခေတ်မျိုးဆက်က ဝေဖန်မှုတွေကို ခက်ခဲတဲ့အရာတစ်ခုလို့ ထင်ထားကြပါတယ်။ ဝေဖန်ခံလိုက်ရရင်သူတို့ ကျရှုံးသွားကြတာပါပဲ"
"ကျွန်တော်တို့ခေတ်တုန်းကတော့ ဒီလိုမဟုတ်ပါဘူး။ အခုခေတ် မျိုးဆက်ထက် ကျွန်တော်တို့က ပိုပြီးတော့ အရေခွံထူပါတယ်။ ဘာမဆို တိုက်ရိုက်ပဲပြောဆိုဆက်ဆံကြပါတယ်။ကျွန်တော်တို့တုန်းကဆို အတော်ဆိုးဆိုးဝါးဝါးကို ဆက်ဆံခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် အဲဒီလိုပုံစံအတိုင်း ဒီဘက်ခေတ်က ကလေးတွေကိုဆက်ဆံမယ်ဆိုရင် သူတို့အကုန်စိတ်ဓာတ်ကျကုန်မှာပါ။ ပြီးတော့ သူတို့နဲ့ထိပ်တိုက်တွေ့သွားပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။
တန်ဟက်အနေနဲ့ အသင်းရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည့်ပေးနိုင်ခဲ့ခြင်းမရှိပေမယ့် ကိုဘီမိုင်နူးအပါအဝင် လူငယ်ကစားသမားလေးတွေကို အောင်မြင်စွာ ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး တန်ဟက်က "ဒီဘက်ခေတ်က ကလေးတွေကို မတူညီတဲ့စကားလုံးတွေ၊ မတူညီတဲ့ချဉ်းကပ်ပုံတွေနဲ့အတူ ပျိုးထောင်ရပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်က အရင်ခေတ်မျိုးဆက်ထဲက ယူနိုက်တက်ကို ဦးဆောင်ခဲ့ရတာပါ။ အဲဒီခေတ်မှာဆို ကစားသမားတွေကို တိုက်ရိုက်ပဲပြောဆိုပြီး ချဉ်းကပ်လို့ရပါသေးတယ်။ အခုခေတ်ကစားသမားတွေကိုသာ အဲဒီလိုသွားပြီးချဉ်းကပ်ရင် ပြန်တောင်အလှောင်ခံရပါဦးမယ်" လို့ပြောကြားခဲ့ပါတယ်။