The network connection is lost.

Banner Image

မိုင်နူးကိုကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်ခံရမှုတွေကို လက်ခံကြောင်းပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုင်နူးကို ပွဲထွက်ကစားခွင့်မပြုတာကြောင့် အသင်းကစားသမားဟောင်းတွေရဲ့ ဝေဖန်မှုတွေနဲ့ကြုံတွေ့နေရပေမယ့် အဆိုပါဝေဖန်မှုတွေကို လက်ခံကြောင်း ပြောကြားလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၁ ပွဲသာအရေးနိမ့်ခဲ့ပေမယ့် အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာသာရပ်တည်ထားနိုင်ပြီး နည်းပြအာမိုရင်အပေါ်မှာလည်း ဖိအားတွေရှိနေဆဲဖြစ်ပါတယ်။ အာမိုရင်ကိုဝေဖန်နေတဲ့ ကစားသမားဟောင်းတွေထဲမှာ ပေါလ်စခိုးလ်ကလည်း တစ်ယောက်အပါအဝင်ဖြစ်ပြီး ဂန္ထဝင်ကွင်းလယ်လူက အာမိုရင်ဟာ ယူနိုက်တက်အတွက် မှန်ကန်တဲ့နည်းပြမဖြစ်နိုင်ဘူးလို့ ပြောကြားထားခဲ့ပါတယ်။ နစ်ကီဘတ်နဲ့ ရီယိုဖာဒီနန်တို့အပါအဝင် ယူနိုက်တက်ကစားသမားဟောင်းတွေဟာ မိုင်နူးကိုအမြဲတမ်းလျစ်လျူရှုထားတဲ့ အာမိုရင်အပေါ် မကျေမနပ်ဖြစ်နေကြပြီး မိုင်နူးအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာကာ အသင်းသစ်မှာတောက်ပသင့်ကြောင်းအကြံပေးထားကြပါတယ်။

ယခုအခါမှာ အာမိုရင်က "ကစားသမားဟောင်းတွေနဲ့ ဘောလုံးသုံးသပ်သူတွေရဲ့ဝေဖန်မှုတွေက ပုံမှန်ပဲလို့ကျွန်တော်ထင်ပါတယ်။ ယူနိုက်တက်နည်းပြတစ်ယောက်အနေနဲ့ လက်ရှိအသင်းရဲ့အခြေအနေက မျှော်လင့်ထားသလိုမဖြစ်ဘူးလို့ နားလည်ထားပါတယ်။ ကျွန်တော်တို့ အမှတ်တွေ ဒီထက်ပိုရထားသင့်ပါတယ်"

"ဒါပေမယ့် တစ်ခါတလေ ကစားသမားဟောင်းတွေမှာအသင်းရဲ့ သတင်းအချက်အလက်တွေအကုန်မရှိပါဘူး။ သူတို့က သူတို့ရှိခဲ့တဲ့အချိန်က ယူနိုက်တက်ကိုပဲ မြင်ယောင်ကြတာပါ။ အသင်းရဲ့လက်ရှိအခြေအနေမှာတော့ ပွဲစဉ်တိုင်းကိုအနိုင်ယူဖို့ မလွယ်ပါဘူး။ မိုင်နူးနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတိုင်းမှာ ကျွန်တော်ဖြေရှင်းနိုင်ပါတယ်။ ဝေဖန်မှုတွေကတော့ အားလုံးအတူတူပါပဲ" လို့ပြောကြားခဲ့ပါတယ်။

ဝေဖန်မှုက သူ့ရဲ့အလုပ်ကို အထိအခိုက်ဖြစ်စေသလားလို့မေးမြန်းရာမှာ အာမိုရင်က "မဖြစ်စေပါဘူး။ ဒါပေမယ့် အသင်းမနိုင်တာကတော့ ပြဿနာပါ။ သူတို့က ကျွန်တော်တို့ရဲ့လိုအပ်နေတဲ့အချက်တွေကို ထောက်ပြပါတယ်။ ဒါပေမယ့် အသင်းက နိုင်ပွဲအတွက်ရုန်းကန်နေရတုန်းပါ။ မန်နေဂျာတစ်ယောက်အနေနဲ့ ကျွန်တော့်မှာလည်း လိုအပ်ချက်တွေရှိတယ်ဆိုတာ လက်ခံပါတယ်" လို့ဖြေကြားခဲ့ပါတယ်။

ဇန်နဝါရီမှာ မိုင်နူးကိုအငှားချဖို့ရှိမရှိမေးမြန်းခဲ့ရာ ပေါ်တူဂီသားနည်းပြက "ကျွန်တော်အရင်ကပြောခဲ့သလိုပါပဲ။ အသင်းကပထမပါ။ မိုင်နူးအနေနဲ့ အသင်းကထွက်ချင်တယ်လို့လာပြောရင် ကျွန်တော်ပြန်ပြောမှာပါ။ ဘာပြောမယ်ဆိုတာတော့ အခုမပြောသေးပါဘူး။ ကျွန်တော့်အနေနဲ့ ကစားသမားတွေကို ပျော်ရွှင်စေချင်ပါတယ်။ ဒါကြောင့် ဘာဖြစ်လာမလဲ ဆက်ပြီးစောင့်ကြည့်ရပါမယ်" လို့ပြောကြားခဲ့ပါတယ်။