ဇက်ခ်ဇီကို အငှားစာချုပ်နဲ့ ထွက်ခွာခွင့်ပြုမှာမဟုတ်တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီကို အပြီးသတ်ရောင်းချဖို့သာ ဆုံးဖြတ်ထားတာကြောင့် အငှားစာချုပ်နဲ့ခေါ်ယူမယ့် ကမ်းလှမ်းမှုတွေအားလုံးကို ငြင်းပယ်သွားမှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ယခုနှစ်ရာသီမှာ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တွေခေါ်ယူဖို့ ပေါင်သန်း ၂၀၀ ကျော်အထိအသုံးပြုထားသလို၊ ဇက်ခ်ဇီဟာ နည်းပြရူဘင်အာမိုရင်ရဲ့မျက်နှာပေးမှုမရရှိတာကြောင့် ယူနိုက်တက်အတွက်ပွဲထွက်ကစားဖို့ရုန်းကန်နေရပြီး အများအားဖြင့် အရန်ကစားသမားအနေနဲ့သာ ပါဝင်ခွင့်ရထားတာဖြစ်ပါတယ်။
နည်းအာမိုရင်အနေနဲ့ တိုက်စစ်ကစားသမားသစ်တွေဖြစ်တဲ့ မားသီးယက်စ်ကွန်ညာ၊ ဘရိုင်ယန်အမ်ဘွေမိုနဲ့ ဘင်ဂျမင်ဆက်စ်ကိုတို့ကိုသာ အဓိကအသုံးပြုနေတာကြောင့် နယ်သာလန်လက်ရွေးစင်ဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၃၄၀ မိနစ်သာ ကစားခွင့်ရထားပါတယ်။ အီတလီသတင်းတွေအရ ရိုးမားအနေနဲ့ ဇက်ခ်ဇီကိုခေါ်ယူဖို့ ယူနိုက်တက်ထံ အငှားစာချုပ်နဲ့ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့သိရပါတယ်။ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်ဟာ ဇက်ခ်ဇီကိုအငှားချဖို့စိတ်ကူးထားခြင်းမရှိတာကြောင့် ကစားသမားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်လက်နေထိုင်သွားရဖွယ်ရှိပါတယ်။
ယူနိုက်တက်ဟာ ဇက်ခ်ဇီကို အပြီးသတ်ရောင်းချဖို့သာရည်ရွယ်ထားတာကြောင့် ယခုနှစ်ရာသီအကုန်မှသာ ဇက်ခ်ဇီရဲ့အပြောင်းအရွှေ့ပေါ်ပေါက်လာမယ်လို့သတင်းတွေကဆိုပါတယ်။ ယခုလအတွင်း ယူနိုက်တက်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘရိုင်ယန်အမ်ဘွေမိုနဲ့ အာမက်ဒီယာလိုတို့ဟာ အာဖရိကဖလားပြိုင်ပွဲအတွက် လက်ရွေးစင်အသင်းတွေနဲ့ပူးပေါင်းသွားမှာဖြစ်လို့ ဇက်ခ်ဇီအနေနဲ့ တိုက်စစ်ပိုင်းမှာ နေရာပြန်ရလာဖို့ အခွင့်အရေးလည်းရှိနေပါသေးတယ်။
ဇက်ခ်ဇီကိုစိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ရိုးမားသာမက ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အဲဗာတန်နဲ့ ဝက်စ်ဟမ်းတို့လည်းပါဝင်နေပြီး နယ်သာလန်သားကို အိုးလ်ထရက်ဖို့ဒ်မှ ခေါ်ယူသွားနိုင်မလား ဆက်လက်စောင့်ကြည့်သွားရပါမယ်။