The network connection is lost.

Banner Image

အိုနာနာရဲ့ထွက်ခွာမှုနဲ့အတူ အသင်းရဲ့အနုတ်သဘောဆောင်တဲ့အရာတွေပါ ရှင်းလင်းသွားမယ်လို့ အာမိုရင်ယုံကြည်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ဂိုးသမား အန်ဒရေအိုနာနာရဲ့ထွက်ခွာမှုဟာ အသင်းရဲ့ အနုတ်သဘောဆောင်တဲ့အရာတွေကိုပါ ရှင်းလင်းသွားစေမယ်လို့ ယုံကြည်ထားတယ်လို့ သတင်းတွေက ဆိုလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာသာရပ်တည်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း ရှုံးနိမ့်ခဲ့တာကြောင့် ဒီရာသီမှာ အာမိုရင်အနေနဲ့ အသင်းကို အစကနေပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ 

ယခုနွေရာသီအတွင်း ယူနိုက်တက်မှ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ အလီဂျန်ဒရိုဂါနာချို၊ အန်တိုနီနဲ့ ဂျေဒန်ဆန်ချိုတို့က အသင်းသစ်တွေဆီ အသီးသီးချိတ်ဆက်ခဲ့ကြသလို၊ ယခုအခါမှာ ဂိုးသမား အိုနာနာကလည်း တူရကီသို့ထွက်ခွာဖို့ သဘောတူညီထားပြီဖြစ်ပါတယ်။ ယူနိုက်တက်ရောင်းချဖို့ပြင်ဆင်ထားတဲ့ကစားသမားစာရင်းထဲမှာ လောလောဆယ်အထိတော့ တိုင်ရဲလ်မာလာစီယာတစ်ယောက်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

အင်တာမီလန်မှ ယူနိုက်တက်သို့ပြောင်းရွှေ့လာခဲ့တဲ့ ၂ နှစ်တာကာလအတွင်း အိုနာနာအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ လက်စွမ်းပြဖို့အတော်လေးရုန်းကန်ခဲ့ရတာကြောင့် ယခုအခါမှာ လမ်းခွဲဖို့သာဆုံးဖြတ်ခဲ့ရပါတယ်။ အိုနာနာဟာ ရာသီကြိုမှာ ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် နည်းပြရူဘင်အာမိုရင်ကတော့ ကစားသမားကို အသင်းမှာဆက်လက်ထားရှိဖို့တောင် ဆန္ဒမရှိခဲ့တာဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။ 

ဒါ့အပြင် အိုနာနာအနေနဲ့ ရာသီကြိုမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် အာမိုရင်အနေနဲ့ အတော်လေးစိတ်ပျက်ခဲ့ပြီး ပရီးမီးယားလိဂ်ရာသီအစမှာ အယ်လ်တေးဘယင်ဒါကိုသာ အသုံးပြုဖို့ရွေးချယ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အပြောင်းအရွှေ့ကာလနောက်ဆုံးနေ့ရက်မှာတော့ ယူနိုက်တက်ဟာ အန့်တ်ဝပ်ဂိုးသမား ဆန်နီလမ်မန်းစ်ကို ထပ်မံခေါ်ယူလိုက်တာကြောင့် အိုနာနာရဲ့အနာဂတ်ဟာ ပိုမိုဝေဝါးလာခဲ့တာဖြစ်ပါတယ်။ 

လမ်မန်းစ်ကိုခေါ်ယူခြင်းမှာ လက်ရှိအသုံးပြုနေတဲ့ဂိုးသမား အယ်လ်တေးဘယင်ဒါရဲ့ လက်စွမ်းကျမှုတွေနဲ့ အမှားတွေကြောင့်လည်းဖြစ်တယ်လို့ သိရပါတယ်။ ဘယင်ဒါအနေနဲ့ ယူနိုက်တက်ရဲ့ပွဲထွက်ဂိုးသမားအဖြစ် ရာသီအစမှာ အခွင့်အရေးစတင်ရရှိခဲ့ပေမယ့် အာဆင်နယ်၊ ဘန်လေတို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ သိသာထင်ရှားတဲ့အမှားတွေပြုလုပ်မိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အာမိုရင်အနေနဲ့ လမ်မန်းစ်ကို ယူနိုက်တက်ရဲ့နံပါတ် ၁ ဂိုးသမားအဖြစ် နေရာပေးသွားဖွယ်ရှိတယ်လို့ ထင်ကြေးပေးနေကြပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အသင်းရဲ့ပွဲထွက်ဂိုးသမားနေရာမှာ လမ်မန်းစ်ကိုစတင်ပွဲထုတ်လာမလား၊ ဘယင်ဒါကိုပဲ ဆက်လက်အသုံးပြုသွားမလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။