၂၀၂၄ တုန်းက ယူနိုက်တက်ရဲ့ကမ်းလှမ်းမှု ကို ဘာကြောင့်ပယ်ချခဲ့သလဲ အိုနာနာရဲ့အေးဂျင့် ရှင်းပြ
အက်စတွန်ဗီလာကွင်းလယ်ခံစစ်မှူ အာမာဒူအိုနာနာရဲ့ အေးဂျင့်ဖြစ်သူက သူ့အနေနဲ့ ၂၀၂၄ ခုနှစ်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ထံမှာ ကောင်းမွန်တဲ့ကမ်းလှမ်းချက် လက်ခံရရှိခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ ဘာကြောင့်ငြင်းပယ်ခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ ၂၀၂၄ ခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းရဲ့ကွင်းလယ်ပိုင်းကိုအင်အားဖြည့်တင်းဖို့အတွက် ထိုစဉ်က အဲဗာတန်မှာကစားနေခဲ့တဲ့ အိုနာနာကိုခေါ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။ သို့သော်လည်း အိုနာနာနဲ့ သူ့ရဲ့အေးဂျင့်တို့ဟာ အက်စတွန်ဗီလာသို့ပြောင်းရွှေ့ဖို့ ကတိပေးထားပြီးဖြစ်တာကြောင့် ယူနိုက်တက်ရဲ့ကမ်းလှမ်းမှု ကိုပယ်ချခဲ့ပြီး ဗီလာပါ့ခ်သို့ ပေါင်သန်း ၅၀ နဲ့ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
အသက်-၂၄ နှစ်အရွယ်ကစားသမားဟာ အူနိုင်းအမ်မရီရဲ့ဦးဆောင်မှုနဲ့အတူ အက်စတွန်ဗီလာမှာ ပိုမိုထွန်းတောက်လာခဲ့ပြီး အသင်းအတွက် ၄၃ ပွဲကစားပြီးချိန်မှာ ၆ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်နွေရာသီမှာ ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ရဲ့ဦးဆောင်မှုနဲ့အတူ အိုနာနာကိုခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် သဘောတူညီမှုမရခဲ့တာကြောင့် ပီအက်စ်ဂျီကွင်းလယ်လူ မန်နူရယ်ယူဂါတီကိုသာ ခေါ်ယူခဲ့ရပါတယ်။
ယခုအခါမှာတော့ ယူဂါတီဟာ အိုးလ်ထရက်ဖို့ဒ်မှာ ခြေစွမ်းပြသဖို့ရုန်းကန်နေရပြီး ကွင်းလယ်မှာ ပုံမှန်နေရာရဖို့အတွက်တောင် ခက်ခဲနေတာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ဒီရာသီအတွင်းကွင်းလယ်ပိုင်းရုန်းကန်ရမှုတွေကြောင့် ဘရိုက်တန်ကွင်းလယ်လူ ကားလို့စ်ဘာလီဘာကိုထိပ်တန်းပစ်မှတ်အဖြစ်သတ်မှတ်ပြီး ဇန်နဝါရီမှာခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ရဲ့ပစ်မှတ်စာရင်းထဲမှာ အိုနာနာပါဝင်နေဆဲဖြစ်ပေမယ့် ကစားသမားက ဗီလာကိုစွန့်ခွာသွားဖွယ်မရှိလို့ ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်ကြယ်ပွင့် အဒမ်ဟွာတန်ကို ဆက်လက်စောင့်ကြည့်နေခဲ့ပါတယ်။ မကြာသေးမီက အသင်းရဲ့ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ ကမ္ဘာ့အဆင့်ခြေစွမ်းပြန်လည်ပြသနေပြီး ကွင်းလယ်မှာခြေစွမ်းတည်ငြိမ်ပေမယ့် ဘရာဇီးသားဟာ လာမယ့်ဖေဖော်ဝါရီမှာ ၃၄ နှစ်ပြည့်မှာဖြစ်လို့ ယူနိုက်တက်အတွက် ကာလရှည်အသုံးပြုဖို့မဖြစ်နိုင်ပါဘူး။
ဒါကြောင့် အိုနာနာကိုခေါ်ယူနိုင်ခဲ့ခြင်းမရှိတဲ့ ယူနိုက်တက်အနေနဲ့ လာမယ့်ဇန်နဝါရီ သို့မဟုတ် နွေရာသီမှာတော့ ကတ်စ်မဲရိုးရဲ့နေရာကို အပြည့်အဝဆက်ခံနိုင်မယ့် ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးကို မဖြစ်မနေခေါ်ယူသွားဖို့ လိုအပ်နေပါတယ်။