The network connection is lost.

Banner Image

သူ့ကို အံ့အားသင့်စေအောင် ပက်ဂွါဒီယိုလာ ဘယ်လိုလုပ်ဆောင်သလဲဆိုတာ ရှင်းပြလိုက်တဲ့ ကိုလိုတိုရေး

မန်စီးတီးလက်ထောက်နည်းပြကိုလိုတိုရေးက ပက်ဂွါဒီယိုလာကို အံ့အားသင့်စရာကောင်းတဲ့သူလို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတစ်ခုကြောင့် မန်စီးတီးရဲ့ပွဲကြိုသတင်စာရှင်းလင်းပွဲဆီ မတက်ရောက်နိုင်တဲ့ ပက်ဂွါဒီယိုလာအစား ကိုလိုတိုရေးက မီဒီယာတွေ့ဆုံမှုတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ပက်ဂွါဒီယိုလာလက်အောက်မှာ မန်စီးတီးက သုံးဂိုးနဲ့အထက်သွင်းယူနိုင်တဲ့ ပရီးမီးယားလိဂ်နိုင်ပွဲ ၁၄၉ ပွဲအထိ ရှိလာပါတယ်။ စစ်တမ်းတစ်ခုအရ ဆာအဲလက်စ်ဖာဂူဆန်နဲ့ အာစင်ဝင်းဂါးတို့သာ အခုလိုစွမ်းဆောင်ရည်မျိုးနဲ့ နိုင်ပွဲ ၁၅၀ ပြည့်မြောက်အောင် စွမ်းဆောင်ထားနိုင်ပြီး အင်္ဂလန်ထိပ်တန်းလိဂ်သမိုင်းတလျှောက် အကောင်းဆုံးနည်းပြတစ်ဦးဖြစ်လာဖို့ စပိန်သားကိုယ်တိုင် ဘယ်လောက်အထိ တွန်းအားပေးနေသလဲဆိုတာကို ပြသနေပါတယ်။

တိုရေးကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် ပက်ဂွါဒီယိုလာကို အထူးချီးကျူးဂုဏ်ပြုခဲ့ပြီး နှစ်ပေါင်းများစွာကြာ၊ အသင်းဆီ အသက်-၅၄ နှစ်အရွယ်နည်းပြကိုယ်တိုင် စွမ်းအားနဲ့ စိတ်ဓါတ်ပိုင်းလှုံ့ဆော်မှုတွေ ဘယ်လိုသယ်ဆောင်လာပေးသလဲဆိုတာ ရှင်းပြသွားခဲ့ပါတယ်။

တိုရေးက “ ဒီလိဂ်မှာ သူဖြတ်သန်းခဲ့တဲ့ နှစ်ကာလတွေနဲ့ သူ့ဆီမှာ နေ့စဉ်ရက်ဆက်ရှိနေတဲ့ စွမ်းအားတွေကို ကျွန်တော် အရမ်းအံ့သြမိပါတယ်။ သူက အစည်းအဝေးတွေနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေဆီ စိတ်အားထက်သန်မှုတွေ ယူဆောင်လာပေးပါတယ်။ သူကိုယ်တိုင်လည်း နေ့စဉ်နေ့တိုင်း ပျော်ရွှင်နေသလို ကျွန်တော်တို့လည်း ပျော်ရွှင်ရပါတယ်။ ဒါတွေကို ပွဲနေ့တွေမှာ မြင်တွေ့နိုင်ပါတယ်။ ဘာတွေပဲဖြစ်လာပါစေ၊ အရေးမကြီးပါဘူး။ ကျွန်တော်တို့အသင်းမှာ ကောင်းမွန်တဲ့စိတ်ဓါတ်တစ်ခုရှိသလို ခွန်အားတွေလည်း ရှိပြီး အချိန်တိုင်း တိုက်ပွဲဝင်နေပါတယ်။

ဥပမာအားဖြင့် Second Ball တွေအတွက် တိုက်ပွဲဝင်ဖို့ ပြင်းပြတဲ့စိတ်အားထက်သန်မှုမျိုး ကျွန်တော်တို့အသင်းမှာ ရှိပါတယ်။ ဒါက ပြီးခဲ့တဲ့ဘောလုံးရာသီနဲ့ အဓိကကွာခြားချက် ဖြစ်ပါတယ်”လို့ ပြောပါတယ်။ လတ်တလောမှာ မန်စီးတီးက ကြားရက်၊ ဘာနေဗျူးကွင်းချန်ပီယံလိဂ်ပွဲစဉ်အနိုင်ရရှိမှုအပါအဝင် ပြိုင်ပွဲစုံလေးပွဲဆက် အနိုင်ရရှိထားပါတယ်။ အခုသီတင်းပတ်ကုန်မှာ အာဆင်နယ်သာ ခြေချော်မယ်ဆိုရင် မန်စီးတီးက ပရီမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ ဖြစ်လာနိုင်ပါတယ်။