ဒီနှစ်ရာသီ ဂျူဗင်တပ်စ်အသင်း စီးရီးအေဖလား ဆွတ်ခူးနိုင်သေးတယ်လို့ စပယ်လက်တီယုံကြည်နေ
ဂျူဗင်တပ်စ်နည်းပြသစ် လူချီယာနိုစပယ်လက်တီ ရှစ်လတာသာရှိတဲ့ ကာလတိုစာချုပ်နဲ့ ခန့်အပ်ခံရပေမယ့် ရလဒ်တွေပြန်ကောင်းအောင် လုပ်နိုင်သလို စီးရီးအေ ချန်ပီယံဆုအတွက်တောင် ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။ ကြာသပတေးနေ့က အီဂေါတူဒေါ်ရဲ့နေရာမှာ ခန့်အပ်ခံရတဲ့ စပယ်လက်တီ တာဝန်ယူရမယ့် ပထမဆုံးပွဲစဉ်က စနေနေ့ည ခရီမိုနိစ်နဲ့ပွဲစဉ်ဖြစ်ပြီး နောက်တစ်ပတ်မှာတော့ စပို့တင်းလစ္စဘွန်း နဲ့ ချန်ပီယံလိဂ်ပွဲစဉ် ရှိနေပါတယ်။
စပယ်လက်တီက"ဒီအသင်းမှာ အလားအလာရှိတယ်လို့ မယုံကြည်ဘူးဆိုရင် ရှစ်လစာချုပ်ကို ကျွန်တော် လက်ခံခဲ့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကြိုးစားအားထုတ်မှု၊ ဆန္ဒပြင်းပြမှုနဲ့ ကိုယ်ပိုင်စည်းကမ်းတွေကနေတစ်ဆင့် ကျွန်တော်တို့ အရေးကြီးတဲ့ ရလဒ်တွေကို ရယူနိုင်ပါလိမ့်မယ်။ အချို့အရာတွေကို ပြင်ဆင်ဖို့ အခွင့်အရေးရှိတယ်လို့ ကျွန်တော် မြင်ပါတယ်" လို့ ဆိုပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ၂၀၂၀ ပြည့်နှစ်က စီးရီးအေဖလားကို နောက်ဆုံးဆွတ်ခူးခဲ့ပြီး လက်ရှိမှာ အသင်းက အဆင့် ၇ မှာ ရပ်တည်နေသလို ဥရောပပြိုင်ပွဲတွေမှာလည်း ချန်ပီယံလိဂ်ပွဲစဉ် သုံးပွဲမှာ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ပြီး ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ စပယ်လက်တီကတော့"ချန်ပီယံဆု ပြိုင်ပွဲထဲ ပြန်ဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့် မရနိုင်ရမှာလဲ။ ကျွန်တော် ကစားသမားတွေကို ပြောခဲ့တာက ဒါပဲ - ကျွန်တော်တို့ ထိပ်ဆုံးကို ပစ်မှတ်ထားရမယ်၊ ထိပ်ဆုံးဆိုတာ ချန်ပီယံဆု ပြိုင်ပွဲကို ပြောတာပါ။ ကစားပွဲ ၂၉ ပွဲ ကျန်ပါသေးတယ်။ ကျွန်တော့် ဘောလုံးလောက အနှစ် ၃၀ မှာ အရာရာကို မြင်ခဲ့ရပြီးပါပြီ။ ဒီအသက်အရွယ်မှာတောင်မှ ကျွန်တော် ဘာကြောင့် အလျှော့ပေးရမှာလဲ" လို့ ပြောကြားခဲ့ပါတယ်။