The network connection is lost.

Banner Image

ယူနိုက်တက်နဲ့လမ်းခွဲခဲ့ရပေမယ့် လုံးဝနောင်တမရကြောင်း ပြောကြားလာတဲ့ ဂါနာချို

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်မှထွက်ခွာပြီး ပြိုင်ဘက်ထိပ်သီးကလပ် ချဲလ်ဆီးသို့ ပြောင်းရွှေ့သွားခဲ့တဲ့ တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုက သူ့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်နဲ့လမ်းခွဲခဲ့ရလို့ တစ်စုံတစ်ရာနောင်တရခြင်းမရှိ‌ကြောင်း ပြောကြားလာခဲ့ပါတယ်။

ဂါနာချိုဟာ ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ရဲ့လက်အောက်မှာ မျက်နှာသာပေးခြင်းမခံခဲ့ရတာကြောင့် ပြီးခဲ့တဲ့ရာသီမှာကတည်းက အဆင်မပြေမှုတွေရှိခဲ့ပြီး နွေရာသီအပြောင်းအရွှေ့ကာလနှောင်းပိုင်းမှာတော့ စတန်းဖို့ဒ်ဘရစ်ချ်သို့ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နဲ့ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ 
ယူနိုက်တက်အကယ်ဒမီထွက် အာဂျင်တီးနားသားဟာ အာမိုရင်စီမံခန့်ခွဲသွားမယ့် ကလပ်ရဲ့အနာဂတ်အစီအစဉ်တွေမှာလည်း ပါဝင်ပုံမပေါ်တာကြောင့် ပြိုင်ဘက်ချဲလ်ဆီးသို့ထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပုံပေါ်ပါတယ်။ ယခုအခါမှာ ဂါနာချိုကို ယူနိုက်တက်မှထွက်ခွာခဲ့ရလို့ နောင်တရနေတာမျိုးရှိသလားလို့မေးမြန်းခဲ့ရာမှာ ကစားသမားက ချက်ချင်းပဲ နောင်တမရကြောင်း ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်နဲ့လမ်းခွဲခဲ့ရတဲ့ပုံစံက သိပ်အကောင်းကြီးမဟုတ်ခဲ့ပေမယ့် အာဂျင်တီးနားသားကတော့ သူ့အတွက်နေရာရှိမယ့်အသင်းကိုပဲရွေးချယ်လိုတာကြောင့် ချဲလ်ဆီးမှာပျော်ရွှင်နေပြီလို့လည်းဆိုပါတယ်။  ဂါနာချိုက "တစ်ခါတလေ ဘဝမှာ ကစားသမားတစ်ယောက်အနေနဲ့ ရှေ့ကိုခြေတစ်လှမ်းတိုးနိုင်ဖို့အတွက် ပြောင်းလဲပစ်ရတဲ့အရာတွေရှိပါတယ်။ ယူနိုက်တက်ကနေထွက်ခွာခဲ့တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ မှန်ကန်တဲ့အသင်းကိုရောက်လာတယ်လို့လည်း ယုံကြည်ပါတယ်။ ဒါကြောင့် အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခဲ့တာက လွယ်ကူတဲ့ဆုံးဖြတ်ချက်ပါ" လို့ပြောကြားခဲ့ပါတယ်။ 

ယခုအခါ ဂါနာချိုဟာ ချဲလ်ဆီးမှာ လျင်လျင်မြန်မြန်ပဲအသားကျနေခဲ့သလို၊ အတိတ်ကို အတိတ်မှာချန်ခဲ့ပြီး လန်ဒန်မှာရှေ့ဆက်သွားရမယ့် သူ့ရဲ့အနာဂတ်ဘောလုံးခရီးစဉ်အတွက် အပြည့်အဝအာရုံစိုက်ထားတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။