
နာပိုလီထံပြောင်းရွှေ့ဖို့ ကြေးတိုးကမ်းလှမ်းတာကို စောင့်ဆိုင်းနေတဲ့ လီဗာပူးစတား
တကယ်လို့ နာပိုလီဘက်က ပြောင်းရွှေ့ကြေးတိုးမြှင့်ကမ်းလှမ်းလာမယ်ဆိုရင် လီဗာပူးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်တစ်ယောက် အသင်းကနေထွက်ခွာမယ်လို့ သိရပါတယ်။ ဒယ်လိုစပေါ့တ်သတင်းဌာနရဲ့အဆိုအရ လီဗာပူးစတားဟာ နာပိုလီအသင်းရဲ့ကြေးတိုးမြှင့်ကမ်းလှမ်းတာကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။ နာပိုလီဟာ လက်ရှိမှာ ပေါင် ၄၇ သန်းနဲ့ကမ်းလှမ်းထားပြီး အပိုဆုကြေးပေါင် ၄ သန်းလည်း ပါဝင်တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လီဗာပူးဘက်ကတော့ ပေါင် ၅၂ သန်းအလိုရှိနေတယ်လို့ သိရပြီး ၂ သင်းဆက်လက်ဆွေးနွေးနေပါတယ်။ နူနက်ဇ်အနေနဲ့ လီဗာပူးအသင်းမှာတစ်ပတ်လုပ်ခပေါင် ၉၁၀၀၀ ရရှိနေပြီး တကယ်လို့နာပိုလီကိုပြောင်းဖြစ်မယ်ဆိုရင် လစာတိုးမြှင့်လိုချင်နေပါတယ်။ ကွန်တီရဲ့အသင်းအနေနဲ့ လီဗာပူးအသင်းနဲ့ကော ကစားသမားတောင်းဆိုမှုကိုပါ လိုက်လျောနိုင်မလားဆိုတာ မသေချာသေးတာဖြစ်ပါတယ်။
အသက် ၂၆ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက စလော့လက်အောက်မှာပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ၈ ပွဲသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ကာ ၅ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ နာပိုလီအသင်းအနေနဲ့ အခုအပြောင်းအရွှေ့ကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သလို မကြာခင်မှာ အကုန်လုံးအဆင်ပြေပြီး အပြောင်းအရွှေ့ပြီးမြောက်ချင်နေပါတယ်။