ဘရက်ဒလေရဲ့မတော်တဆဖြစ်ရပ်အပြီး မာတင်နယ်လီကို မကျေမနပ်ဖြစ်နေတဲ့ အန်းစလော့
ဒီနေ့မနက်ပိုင်း၊ ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း နောက်ခံလူဘရက်ဒလေဒဏ်ရာရရှိနေချိန် ကွင်းပြင်ဆီတွန်းထုတ်ခဲ့တဲ့ အာဆင်နယ်တောင်ပံကစားသမားမာတင်နယ်လီကို လီဗာပူနည်းပြအန်းစလော့
မကျေမနပ်ဖြစ်နေခဲ့ပါတယ်။
ဘရက်ဒလေက ပြိုင်ဘက်ရဲ့တိုက်စစ်ဆင်လာမှုကို ရှင်းထုတ်ချိန် သူ့ရဲ့ဘယ်ခြေကျင်းဝတ်မှာ မတော်တဆဒဏ်ရာရရှိပြီး ကွင်းဘေးစည်းနားမှာ နာကျင်ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားနေခဲ့ရပါတယ်။ ဒီအချိန်မှာပဲ စိတ်ပျက်နေတဲ့ မာတင်နယ်လီက ဘောလုံးကိုပစ်ချကာ လီဗာပူးနောက်ခံလူဆီ ချဉ်းကပ်လာပြီး ပြိုင်ဘက်ကို ကွင်းဘေးစည်းပြင်ပဆီ တွန်းထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒါကြောင့် လီဗာပူးကစားသမားတွေကိုယ်တိုင် မာတင်နယ်လီကို ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး နှစ်ဖက်အသင်း ကစားသမားတွေအကြား အပြန်အလှန်တွန်းထိုးမှုပေါ်ပေါက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် မာတင်နယ်လီကိုယ်တိုင်လည်း အဝါကတ်ပြစ်ဒဏ် ရရှိခဲ့ပါတယ်။ အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက်ခံစစ်မှူးဟောင်းဂယ်ရီနဗီးလ်ကတော့ ဘရာဇီးသားရဲ့လုပ်ရပ်ကို ‘အလွန်ဆိုးရွားသောလုပ်ရပ်၊ အလွန်ရှက်ဖွယ်ကောင်းသောလုပ်ရပ်’လို့ Sky Sports ရုပ်သံမှတတဆင့် ဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် ပွဲစဉ်အပြီးမှာလည်း အန်းစလော့က “ အကောင်းဆုံးဖြစ်လာစေဖို့ပဲ မျှော်လင့်ထားကြတာပေါ့။ ဒါပေမဲ့ ဘရက်ဒလေအတွက် အဆိုးရွားဆုံးဖြစ်လာမယ့်ကိစ္စကိုလည်း ကျွန်တော် ထိတ်လန့်နေပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ကစားသမားတစ်ဦး ကွင်းတွင်းမှာလဲကျသွားမယ်ဆိုရင် ပရိသတ်တွေကိုယ်တိုင် ဒီကစားသမားနဲ့ပတ်သက်လို့ တစ်ခုခုတော့လွဲမှားနေပြီဆိုတာ သိလောက်မယ်လို့ ထင်ပါတယ်။ အားလုံးလည်း ဒီဖြစ်ရပ်ကို မြင်တွေ့လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ကစားသမားတစ်ဦး အခုလိုဒဏ်ရာမျိုးနဲ့အတူ ကွင်းတွင်းမှထွက်ခွာသွားရတာကို မမြင်တွေ့ချင်ပါဘူး။ အခုထိတော့ ဘရက်ဒလေရဲ့ဒဏ်ရာအခြေအနေကို မသိရသေးပါဘူး” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။