The network connection is lost.

Banner Image

ဇန်နဝါရီမှာ ကစားသမားသစ်ခေါ်ယူဖို့ မသေချာကြောင်း ဝန်ခံလာတဲ့ အဲဗာတန်နည်းပြ မိုယက်စ်

အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်က အသင်းအနေနဲ့ ယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကစားသမားသစ်ခေါ်ယူဖို့ မသေချာသေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။  ပြီးခဲ့တဲ့ရာသီ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာလည်း အဲဗာတန်ဟာ ပြောင်းရွှေ့ကြေး တစ်ပြားတစ်ချပ်မှအသုံးမပြုခဲ့သလို၊ အငှားအနေနဲ့လည်း ကစားသမားတစ်ယောက်မှ ခေါ်ယူခဲ့ခြင်းမရှိပါဘူး။ ယခုအခါ အပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်မှာလည်း မိုယက်စ်က ပရိသတ်တွေအနေနဲ့ ကစားသမားသစ်အတွက် မျှော်လင့်ချက်တွေသိပ်မထားကြဖို့ သတိပေးပြောကြားလာခဲ့တာဖြစ်ပါတယ်။ 

မိုယက်စ်က "ကျွန်တော်တို့ ကစားသမားသစ်ခေါ်ဖို့ ဖြစ်နိုင်ခြေထက် မဖြစ်နိုင်ခြေက ပိုများမယ် ထင်ပါတယ်။ ဒါပေမဲ့ လုံးဝမဖြစ်နိုင်ဘူးလို့တော့ မပြောလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဈေးကွက်ထဲမှာ ကစားသမားတွေကို ရှာဖွေကြည့်ရှုနေတုန်းမို့ပါ"

"ပရိသတ်တွေကို မျှော်လင့်ချက်အတုအယောင်တွေ မပေးချင်ပါဘူး။ ကျွန်တော်က ဖြစ်နိုင်ခြေရှိတယ်လို့ ပြောလိုက်ရင် တစ်ခုခုကို အကောင်အထည်ဖော်နေပြီလို့ သူတို့ထင်သွားကြမှာစိုးလို့ပါ။ ကျွန်တော်တို့ အသင်းကို အင်အားဖြည့်ဖို့ ကစားသမားအချို့ကို စောင့်ကြည့်နေတာတော့ ရှိပါတယ်၊ ခေါ်ယူနိုင်ရင်လည်း ခေါ်မှာပါ။ ဒါပေမဲ့ အပြောင်းအရွှေ့အတွက် တကယ့်ကို ဂရုတစိုက်နဲ့ပဲ လုပ်ဆောင်သွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ဇန်နဝါရီက ကစားသမားသစ်ခေါ်ယူခဲ့ခြင်းမရှိတဲ့ အဲဗာတန်ဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာတော့ ကစားသမားသစ် ၉ ဦးအထိခေါ်ယူပြီး ဥရောပဝင်ခွင့်ရရှိဖို့အတွက် အဓိကအာရုံစိုက်နေခဲ့ပါတယ်။ အဲဗာတန်ဟာ ပေါင်သန်း ၁၀၀ ကျော်အထိသုံးစွဲခဲ့တဲ့အတွက် ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကန့်သတ်ချက်တွေနဲ့ အလွန်နီးကပ်နေပြီလို့လည်းသိရပါတယ်။

ဒါကြောင့် လက်ရှိအသင်းရဲ့ပစ်မှတ်စာရင်းထဲက ဂျော်ဂန်စထရန်လာဆင်၊ အိုင်ဗန်တိုနေးနဲ့ အာတမ်ဒိုဗစ်တို့လိုကစားသမားတွေကို ခေါ်ယူဖို့ဆိုရင်တော့ အသင်းမှ ကြယ်ပွင့်ကစားသမားတစ်ချို့ကို အရင်ဆုံးရောင်းထုတ်သွားဖို့လိုအပ်မှာဖြစ်ပါတယ်။