The network connection is lost.

Banner Image

စီးရီးအေတစ်လတာအကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ဗာဒီကို လိဂ်ရဲ့အကြီးအမှူး ချီးကျူး

အီတလီစီးရီးအေ အမှုဆောင်ချုပ် ဒီဆီရာဗိုက ပြီးခဲ့တဲ့နိုဝင်ဘာလအတွက် လိဂ်ရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ ခရီမိုနိစ်ဝါရင့်တိုက်စစ်မှူး ဂျေမီဗာဒီကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ လက်စတာဂန္ထဝင်ကစားသမားဟောင်း ဗာဒီဟာ ယခုနှစ်ရာသီအစမှ စီးရီးအေသို့စတင်ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် လိဂ်မှာအသားကျဖို့ အချိန်သိပ်မယူခဲ့ရဘဲ ခရီမိုနစ်ရဲ့တိုက်စစ်မှာ ထိပ်တန်းခြေစွမ်းကို ဆက်လက်ပြသနေတာဖြစ်ပါတယ်။ 

အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ဒီရာသီမှာ ခရီမိုနိစ်အတွက် စီးရီးအေ ၁၂ ပွဲကစားထားရာ ၄ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ခရီမိုနစ်အနေနဲ့ နိုဝင်ဘာလအတွင်း နိုင်ပွဲရရှိခဲ့ခြင်းမရှိပေမယ့် ဒီဇင်ဘာလမှာတော့ နိုင်ပွဲတွေပြန်လည်ရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ ဗာဒီဟာ နိုဝင်ဘာလအတွင်း ခရီမိုနိစ်အတွက် ၃ ပွဲကစားပြီး ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် စီးရီးအေတစ်လတာအကောင်းဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အသက်-၃၈ နှစ်အရွယ်ဝါရင့်တိုက်စစ်မှူးနဲ့ပတ်သက်ပြီး ဒီဆီရာဗိုက "ဗာဒီက အခြားခေတ်တစ်ခေတ်ကလာတဲ့ ကစားသမားတစ်ယောက်လိုပါပဲ။ သူ့ရဲ့အတွေ့အကြုံ အောင်မြင်မှုတွေနဲ့ ပွဲစဉ်တိုင်းမှာပြသနေတဲ့ သူ့ရဲ့ဇွဲစိတ်ဓာတ်တွေကြောင့် ဘောလုံးလောကရဲ့ အလှတရားတစ်ခုကို ဖော်ပြသလိုဖြစ်နေပါတယ်"

"သူ ခရီမိုနိစ်ကိုစတင်ရောက်ရှိချိန်မှာ ပရိသတ်တွေက ဝမ်းသာအားရကြိုဆိုခဲ့ကြသလို၊ အခုအခါမှာသူကလည်း ထိန်းတန်းစွမ်းဆောင်ရည်၊ ထိပ်တန်းဦးဆောင်မှုတွေနဲ့ အရေးပါတဲ့ဂိုးတွေသွင်းပြီး ပြန်လည်ပေးဆပ်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဗာဒီဟာ ယခုဒီဇင်ဘာလအတွင်း ဘိုလော့ဂ်နာနဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းယူခဲ့သလို၊ တနင်္ဂနွေနေ့က နာပိုလီနဲ့ပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင်ကစားနိုင်ခဲ့ပါတယ်။ စီးရီးအေတစ်လတာအကောင်းဆုံးကစားသမားဆုကို ၂၀၁၈-၁၉ ဘောလုံးရာသီမှာ စတင်ပေးအပ်ချီးမြှင့်ခဲ့ပြီး ယခုအခါမှာတော့ ဗာဒီက အဆိုပါဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးအင်္ဂလိပ်လူမျိုးဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။