The network connection is lost.

Banner Image

နာပိုလီမှာ အခက်အခဲတွေရှိနေပေမယ့် စည်းလုံးမှုနဲ့ကစားပါက အသင်းကောင်းတစ်သင်းဖြစ်တယ်လို့ဆိုလာတဲ့ ကွန်တီ

အေစီမီလန်ကို အနိုင်ယူကာ အီတလီစူပါဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီးနောက် နာပိုလီနည်းပြ အန်တိုနီယို ကွန်တီက အသင်းဟာ အခက်အခဲတွေရှိနေပေမယ့် စည်းလုံးမှုနဲ့ကစားပါက အသင်းကောင်းတစ်သင်းဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

နာပိုလီအသင်းဟာ ယခုပွဲမတိုင်ခင် ချန်ပီယံလိဂ်မှာ ဘင်ဖီကာ၊ စီးရီးအေမှာ အူဒီးနိစ်တို့ကို ဆက်တိုက်ရှုံးနိမ့်ထားခဲ့တာကြောင့် ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့မှာကျင်းပခဲ့တဲ့ အေစီမီလန်နဲ့ စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယုံကြည်မှု အားနည်းတဲ့ အခြေအနေနဲ့ လာရောက်ခဲ့တာ ဖြစ်ပေမယ့် ပွဲအပြီးမှာ ၂-၀ ဆိုတဲ့အနိုင်ရလဒ်ကို သက်တောင့်သက်သာပုံဖော်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ ကွန်တီက "ဒီစကားကိုပဲ ထပ်ခါတလဲလဲ ပြောနေရတာ ပျင်းစရာကောင်းမှန်း သိပါတယ်။ ဒါပေမဲ့ ကစားသမား အနည်းငယ်လေးနဲ့ သုံးရက်တစ်ပွဲ ကစားနေရတော့ ရုန်းကန်ရတဲ့ အခြေအနေတွေ ရှိလာတာ ရှောင်လွှဲလို့မရပါဘူး"
"ဒါဟာ ပြီးခဲ့တဲ့အပတ်က ဖြစ်ခဲ့သလို ရှေ့မှာလည်း ထပ်ဖြစ်လာနိုင်ပါတယ်။ အရည်အချင်းရှိတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းကောင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ အစွမ်းကုန် ယှဉ်ပြိုင်ချင်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ကစားဟန်က အရမ်းအားစိုက်ရပြီး ပင်ပန်းပါတယ်။ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ် ဆင်တာမျိုးသက်သက် မဟုတ်ပါဘူး။ အသင်းရဲ့ကစားသမားတွေက ဒီဖလားအတွက် စိန်ခေါ်ချင်စိတ်ရှိတာကို ပြသနိုင်ခဲ့လို့ ကျွန်တော် ဝမ်းသာပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ကွန်တီဟာ ယခုပွဲမှာ ကစားသမားသစ်အချို့ကို အသုံးပြုပြီး လူစားလဲမှုတွေ လုပ်ခဲ့သလို အယ်လ်မက်စ် ကိုလည်း တိုက်စစ်ပိုင်းမှာ နေရာချထားခဲ့ပါတယ်။ နာပိုလီအတွက်ဦးဆောင်ဂိုးကိုတော့  ဟွိုက်လန်း  ဘယ်တောင်ပံကနေ ထိုးဖောက်ပြီး ကန်သွင်းလိုက်ရာမှ အေစီမီလန် ဂိုးသမား မိုက်မိုင်နန် ပုတ်ထုတ်ရာကနေ ဒေးဗစ် နေးရက်စ်က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီးကွန်တီက "ကျွန်တော်တို့ ကြံ့ခိုင်မှုပိုင်း အဆင်ပြေသေးပေမယ့် ပွဲတွေအများကြီး ဆက်တိုက်ကစားရတာက ကစားသမားတွေကို ပွဲပန်းစေပါတယ်။ ဘင်ဖီကာနဲ့ပွဲမှာရော၊ အူဒီးနိစ်နဲ့ပွဲ ဒုတိယပိုင်းမှာပါ ကျွန်တော်တို့ ပင်ပန်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ အသင်းလိုက် ညီညီညွတ်ညွတ်နဲ့ ကစားနိုင်ခဲ့ပါတယ်။ ဘယ်သူပဲကစားကစား အသင်းလိုက် စုစည်းနိုင်ရင် ကျွန်တော်တို့က ဘယ်အသင်းအတွက်မဆို ပြိုင်ဘက်ကောင်းတွေပါ" လို့ပြောကြားခဲ့ပါတယ်။ 

နာပိုလီပရိသတ်တွေအတွက် သတင်းကောင်းအနေနဲ့ အသင်းရဲ့ဝါရင့် ရိုမီလူ လူကာကူဟာ ရာသီကြိုခြေစမ်းပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူနေရာကနေ ယခုပွဲစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် လူစားလဲ ဝင်ရောက်ကစားနိုင်ခဲ့ပါတယ်။ 
လာမယ့်ပွဲစဉ်တွေမှာ လူကာကူနဲ့ ဟွိုက်လန်းတို့ကို တွဲဖက်သုံးဖို့ ရှိသလားလို့ မေးမြန်းရာမှာတော့ ကွန်တီက 
"အရင်ဆုံး ရိုမီလူကို အကောင်းဆုံး ကြံ့ခိုင်မှုရအောင် ပြန်လုပ်ရပါမယ်။ သူက အတွေ့အကြုံများပြီး ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားပါ။ အရန်ခုံမှာ ရှိနေတာတောင် အရေးကြီးပါတယ်။ ကစားရမယ့်ပွဲတွေ အများကြီးရှိသေးတာကြောင့် နှစ်ယောက်လုံး အခွင့်အရေး ရလာမှာပါ" လို့ ဖြေကြားခဲ့ပါတယ်။