ပျင်းရိလေးတွဲပြီး စိတ်ဝင်စားစရာမရှိတဲ့ကစားပုံဆိုသော စွပ်စွဲချက်တွေကို အားအင်အပြည့်တုံ့ပြန်လိုက်တဲ့ အန်းစလော့
ရှင်းလင်းပြတ်သားသော အမှတ်လက္ခဏာမရှိဘဲ ပျင်းရိလေးတွဲပြီး စိတ်ဝင်စားဖို့မကောင်းတဲ့ကစားပုံဆိုသော အခုရာသီ၊ လီဗာပူးအသင်းအပေါ်စွပ်စွဲမှုတွေကို ထောက်ပြထားတဲ့ သတင်းထောက်တစ်ဦးရဲ့မေးခွန်းတစ်ခု အန်းစလော့ဆီ ရောက်ရှိလာပါတယ်။
လွန်ခဲ့တဲ့နှစ်တွေအတွင်း လီဗာပူးအသင်းနဲ့ပတ်သက်လို့ အာမခံနိုင်တဲ့အကြောင်းအရာတစ်ခု ရှိပါတယ်။ သူတို့အသင်းက ဘောလုံးကို ပျင်းရိစရာကောင်းအောင် ဘယ်တော့မှမကစားဘဲ အရာအားလုံးမှားယွင်းနေချိန်မှာတောင် ရှင်းလင်းပြတ်သားတဲ့အမှတ်လက္ခဏာတစ်ခု ပြသခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာတော့ အန်းစလော့ရဲ့အသင်းက ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးဆုံးရှုံးချိန်မှာပါ ပျင်းရိလေးတွဲနေတဲ့ကစားပုံမျိုးကို ပြသခဲ့ပြီး စိတ်ဝင်စားစရာမရှိတဲ့အသင်းအဖြစ် တံဆိပ်ကပ်ခံခဲ့ရပါတယ်။
ဒီအချက်နဲ့ပတ်သက်ပြီး အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့်အဝေးကွင်းပွဲစဉ်မတိုင်ခင် မေးခွန်းတစ်ခု အန်းစလော့ဆီ ရောက်ရှိလာပါတယ်။
အခုလိုစွပ်စွဲမှုနဲ့ပတ်သက်လို့ တုံ့ပြန်ရာမှာ အန်းစလော့က “ ကျွန်တော်လည်း ဒီသတင်းတွေနဲ့ ကိုယ်တိုင်ကြုံတွေ့နေရပါတယ်။ ဒါပေမဲ့ လုံးဝသဘောမတူဘူးလို့တော့ မပြောလိုပါဘူး။
အခြားစကားလုံးကို အသုံးပြုရပါလိမ့်မယ်။ အချို့အရာတွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်က ဆုဖလားတွေကို တက်နိုင်သလောက်ရယူချင်သူ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့အသင်းတွေက တိုက်စစ်ကစားဖို့အတွက် အမြဲကြိုးစားခဲ့တယ်လို့လည်း လူသိများပါတယ်။ ပြီးတော့ အဲ့ဒီလိုလုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေဆဲပါလို့ ပြောချင်ပါတယ်။
ဒါပေမဲ့ အကြိမ်များစွာ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ဘောလုံးပိုင်ဆိုင်မှုအများကြီးရရှိတယ်ဆိုတာ တိုက်စစ်ကစားတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးကိုအမြန်ဆုံးပြန်ရဖို့ တက်နိုင်သမျှ ကြိုးစားပြီး အခွင့်အရေးဖန်တီးဖို့ ကြိုးစားချင်လို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့က အခွင့်အရေးတွေအများကြီးဖန်တီးဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမဲ့ အခွင့်အရေးတွေ အများကြီးဖန်တီးဖို့ရုန်းကန်နေရတဲ့အသင်းဟာ ကျွန်တော်တို့အသင်းတစ်ခုတည်း မဟုတ်ဘူးဆိုတာ အကြိမ်ပေါင်းများစွာပြောခဲ့ပြီးပါပြီ။
ကျွန်တော်တို့ဖန်တီးခဲ့တဲ့အခွင့်အရေးပမာဏက လိဂ်မှာ အရမ်းကောင်းနေတဲ့အသင်းတွေနဲ့ သိပ်မကွာခြားဘူးလို့ ထင်ပါတယ်။
ဒါပေမဲ့ အခုလိုသတင်းတွေကြားသိရတာ ကျွန်တော်မကြိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကြိုက်တဲ့အရာဆိုတာ နိုင်ပွဲတွေအပြင် ဆွဲဆောင်မှုရှိတဲ့ကစားဟန်မျိုး ဖြစ်နေဖို့ပါပဲ။ ဒါမျိုးကို အခုဘောလုံးရာသီမှာလည်း ကျွန်တော်တို့ လုပ်ပြခဲ့ပြီးပြီလို့ ထင်ပါတယ်။
ပြီးတော့ ဆွဲဆောင်မှုရှိတဲ့ပွဲစဉ်တစ်ခုဖြစ်မလာအောင် ကြိုးစားတဲ့အသင်းတွေနဲ့ရင်ဆိုင်ရချိန် ဘယ်လိုကစားသွားမလဲဆိုတဲ့နည်းလမ်းတစ်ခု ကျွန်တော်တို့ ရှာဖွေသွားရပါမယ်။ တဖက်မှာလည်း ဒါက သူတို့အတွက် လိမ္မာပါးနပ်တဲ့နည်းလမ်းတစ်ခု ဖြစ်နိုင်ပေမယ့် ဒီအတွက်အဖြေတွေကို ကျွန်တော်တို့ ရှာဖွေသွားရပါမယ်။
အခုထိတော့ လုံလောက်တဲ့အဖြေမျိုး ကျွန်တော်တို့ မရရှိသေးပါဘူး။ ဒါပေမဲ့ တိုးတက်လာအောင်တော့ ကျွန်တော်တို့တွေ နေ့စဉ်နေ့တိုင်းကြိုးစားနေပါတယ်”လို့ ပြောပါတယ်။
အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ရာသီဝက်ခရီးစဉ်အပြီး လီဗာပူးက ယာဂန်ကလော့ပ်ရောက်ရှိလာတဲ့ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီနောက်ပိုင်း သွင်းဂိုးအနည်းဆုံးအဖြစ် ဂိုး ၃၀ သာ သွင်းယူထားနိုင်ပါတယ်။ ဒါက ပြီးခဲ့တဲ့ဘောလုံးရာသီနဲ့နှိုင်းယှဉ်မယ်ဆိုရင် ၁၇ ဂိုး လျော့နည်းပါတယ်။
နွေရာသီကာလ၊ သမိုင်းဝင်ရင်းနှီးမြှုပ်နှံမှုအပြီး ပရိသတ်တွေကိုယ်တိုင် မမျှော်လင့်ထားတဲ့အရာတွေက ပျင်းရိဖွယ်ကောင်းတဲ့လီဗာပူးအသင်းကစားပုံဆိုတဲ့ တံဆိပ်ကပ်မှုတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်ထိလည်း သူတို့အသင်းမှာ အချိုးအကွေ့တစ်ခုဆီဦးတည်နေတဲ့ ရှင်းလင်းပြတ်သားတဲ့လက္ခဏာတစ်ခု မမြင်ရသေးပါဘူး။
ဒီအတွက် အခုဆိုရင် အာဆင်နယ်နဲ့ပွဲစဉ်က ပြင်းထန်တဲ့စမ်းသပ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒီပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာရရှိနေတဲ့ အီကီတီကီ ပါဝင်နိုင်ဖွယ်မရှိဘူးလို့ အန်းစလော့ရဲ့အဆိုအရ သိရပါတယ်။