The network connection is lost.

Banner Image

လူစာရင်းပိုင်းပြဿနာတွေကို ဖြေရှင်းဖို့ ငွေကြေးပမာဏအများကြီးမရှိပါဘူးလို့ ဝန်ခံလိုက်တဲ့ အန်းစလော့

နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း ၄၅၀ အထိ အသုံးပြုပြီးနောက် လီဗာပူးမှာ ‘အကန့်အသတ်မရှိငွေသုံးစွဲပိုင်ခွင့်’ ဆိုတာမျိုး မရှိပါဘူးလို့ အန်းစလော့က အခိုင်အမာပြောဆိုလိုက်ပါတယ်။ လီဗာပူးက ဖလော်ရီယန်ဝစ်ဇ်ကို ပေါင်သန်း ၁၀၀၊ အီဆက်ခ်ကို ဗြိတိန်စံချိန်တင် ပေါင် ၁၂၅ သန်းဖြင့် ခေါ်ယူခဲ့ပြီး အပြောင်းအရွှေ့အသုံးစရိတ်စံချိန်ကို နှစ်ကြိမ်တိုင်ချိုးဖျက်ခဲ့ပါတယ်။

ဒါပေမဲ့ အန်းစလော့အတွက် အခုဘောလုံးရာသီမှာ ခံစစ်ကစားသမားတွေ လိုအပ်နေပါသေးတယ်။ ဗဟိုခံစစ်မှူးလီယိုနီ ရာသီကုန်အထိ အနားယူနေချိန်၊ စီနီယာညာအစွန်နောက်ခံလူတွေဖြစ်တဲ့ ဘရက်ဒလေနဲ့ ဖရင်ပေါင်တို့ကို ဒဏ်ရာပြဿနာကြောင့် ဆုံးရှုံးလိုက်ရစဉ် ကစားသမားသစ်ဝယ်ယူဖို့အတွက် အသင်းမှာ ငွေကြေးအမြောက်အများမရှိပါဘူးလို့ အန်းစလော့က ဝန်ခံလိုက်ပါတယ်။

ဒါ့အပြင် ဒတ်ချ်လူမျိုးနည်းပြက အခုနွေရာသီကာလအတွင်း လူးဝစ်ဒီယက်ဇ်၊ ဒါဝင်နူနက်ဇ်၊ ကွင်ဆာ၊ အာနိုးလ်၊ ဗန်ဒုတ်နဲ့ ကလယ်ဟာတို့လို စီနီယာအဆင့်ကစားသမားတွေအပါအဝင် ကစားသမားများစွာရောင်းချမှုမှတဆင့် ပေါင်သန်း ၂၀၀ ကျော် ပြန်လည်ရရှိခဲ့တယ်ဆိုတဲ့အချက်ကိုလည်း ထောက်ပြခဲ့ပါတယ်။ အန်းစလော့က “ ဇန်နဝါရီကာလအတွင်း အသုံးစရိတ်တွေ ကန့်သတ်သွားရပါမယ်။ ပြင်ပကမ္ဘာကတော့ ကျွန်တော်တို့မှာ အကန့်အသတ်မဲ့ငွေကြေးသုံးစွဲပိုင်ခွင့်ရှိတယ်လို့ ယုံကြည်ချင်ကြပေမယ့် တကယ့်အမှန်တရားကတော့ အဲ့ဒီလိုမျိုး မရှိပါဘူး။

အတွင်းလူတွေ သိကြပါတယ်။ ပြင်ပကမ္ဘာမှာတော့ ကျွန်တော်တို့ရဲ့အသုံးစရိတ်တစ်ခုတည်းကိုပဲ ပြောဆိုနေကြပါတယ်။ အဲ့ဒါကပဲ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ နည်းလမ်းဖြစ်ပါတယ်။ ပြီးရင် ဘောလုံးရာသီတစ်ခုအတွင်း အချို့ပွဲစဉ်တွေမှာ ညာနောက်ခံလူနေရာလိုအပ်တယ်ဆိုတဲ့အချက်ကို လက်ခံပေးသွားရပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အနိုင်ရရှိဖို့အတွက် အခွင့်အလမ်းတွေ ရှိနေပါသေးတယ်။ အဲ့ဒီနည်းလမ်းအပေါ် ကျွန်တော်ကတော့ အပြည့်အဝယုံကြည်ထားပါတယ်”လို့ ပြောပါတယ်။

အန်းစလော့ရဲ့အသင်းက ဒီည၊ တော့တင်ဟမ်နဲ့ပွဲစဉ်အတွက် ဂျိုးဂိုးမက်ဇ်ကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်လိုက်ရလို့ စီနီယာအဆင့်ဗဟိုခံစစ်မှူးနှစ်ဦးသာ ခံစစ်ပိုင်းမှာ ကျန်ရှိပါတော့တယ်။ အလားတူ ညာနောက်ခံလူနေရာအတွက် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဆိုဘိုဆလိုင်းနဲ့ ကာတစ်ဂျုံးစ်တို့ အလှည့်ကျကစားပေးသွားရပါလိမ့်မယ်။

အန်းစလော့က “ လီယိုနီရဲ့ဒဏ်ရာက သက်ရောက်မှုကြီးမားပါတယ်။ ဘောလုံးရာသီတစ်ခုအတွက် ဗဟိုခံစစ်မှူးလေးဦး၊ ညာအစွန်နောက်ခံလူနှစ်ဦးနဲ့ ဘယ်အစွန်နောက်ခံလူနှစ်ဦးအပြင် အန်ဒိုနဲ့ ဂရာဗန်ဘတ်ချ်တို့သာ ကူညီပေးနိုင်ဖို့ အဆင်သင့်ရှိနေမယ်ဆိုရင် အတော်လေးအကူအညီဖြစ်ပါတယ်။ ဒါပေမဲ့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာတစ်ခုပေါ်ပေါက်လာခြင်းက အကူအညီလုံးဝမဖြစ်စေပါဘူး။

ခက်ခဲကြမ်းတမ်းလွန်းပါတယ်။ ကံမကောင်းစွာနဲ့ဘဲ မနက်ဖြန်ပွဲနေ့လူစာရင်းမှာ ဂျိုးဂိုးမက်ဇ် မပါဝင်တော့ပါဘူး။ ဘောလုံးရာသီတစ်ခုမှာ အသင်းအများစုအတွက် အခုလိုအခိုက်အတန့်မျိုးတွေ ရှိတတ်ပါတယ်။ အချို့အသင်းတွေအတွက် ရွေးချယ်စရာတွေ အများကြီးရှိပေမယ့် အခြားအသင်းတွေအတွက်တော့ အဲ့ဒီလိုမျိုး မဟုတ်ပါဘူး”လို့ ပြောပါတယ်။