The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့လိုကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံပြောကြားလိုက်တဲ့ ဘိုင်ယန်ကြယ်ပွင့် ကားလ်

ဥရောပထိပ်သီးကလပ်တွေမှာ ကစားသမားအများစုဟာ လက်ရှိကလပ်ရဲ့ဖိအားပေးမှုတွေကို ကြောက်ရွံ့ကြတာကြောင့် သူတို့နဲ့အနာဂတ်အစီအစဉ်တွေနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောကြားလေ့မရှိပေမယ့် ဘိုင်ယန်မြူးနစ်လူငယ်ကြယ်ပွင့် လန်းနက်ကားလ်ကတော့ သူဟာ ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့လိုကြောင်းအံ့အားသင့်ဖွယ်ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

အသက်-၁၇ နှစ်အရွယ်သာရှိသေးတဲ့ကားလ်ဟာ ယခုရာသီမှာ ဘိုင်ယန်မြူးနစ်အတွက် အံ့အားသင့်လောက်စရာခြေစွမ်းတွေပြသနေပြီး ဘောလုံးလောကရဲ့အလားအလာအရှိဆုံးလူငယ်ကစားသမားတွေထဲမှ တစ်ဦးအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ သူ့ရဲ့ဆန္ဒကိုထုတ်ဖော်ပြောကြားလာတာကြောင့် အနာဂတ်မှာ ကားလ်ကို စပိန်မြေမှာ မြင်တွေ့ရဖို့ရှိနေပြီဖြစ်ပါတယ်။

ဂျာမနီအခြေစိုက် Sky Sports နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ ကားလ်က "ဘိုင်ယန်မြူးနစ်က အသင်းကြီးတစ်သင်းပါ။ ဒီမှာကစားဖို့ကလည်း ကျွန်တော့်ရဲ့အိပ်မက်ပါပဲ။ ဒါပေမယ့် တစ်ချို့အချိန်တွေမှာတော့ ကျွန်တော်အသွားချင်ဆုံးအသင်းက ရီးရဲလ်မက်ဒရစ်ပါ။ ရီးရဲလ်မက်ဒရစ်က ကျွန်တော့်ရဲ့အိပ်မက်အသင်းပါ။ ဒါပေမယ့် ဒီအကြောင်းကို ကျွန်တော်တို့နှစ်ယောက်ကြားထဲမှာပဲ သိမ်းထားတာကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီဟာ ယခုရာသီမှာ ကားလ်ကို အသင်းအတွက်ပုံမှန်အသုံးပြုနေသလို၊ ကစားသမားကလည်းဘွန်ဒက်စ်လီဂါ ၁၃ ပွဲကစားပြီးချိန်မှာ ၃ ဂိုးအထိသွင်းယူပေးထားနိုင်တာဖြစ်ပါတယ်။ဆယ်ကျော်သက်ကစားသမားဟာ ချန်ပီယံလိဂ်မှာလည်း ပွဲထွက်ခွင့်ရနေတာကြောင့် ၄ ပွဲမှာ ၃ ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။

သို့သော်လည်း အခုလို ကားလ်ရဲ့ပွင့်ပွင့်လင်းလင်းဝန်ခံပြောဆိုမှုဟာ ဘိုင်ယန်မြူးနစ်ရဲ့တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အတွက် သူ့အိပ်မက် တကယ်ဖြစ်လာမလား ဒါမှမဟုတ် ဒီစကားကြောင့် နောင်တရရမလားဆိုတာ အချိန်က အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။