
ဆက်စ်ကို နဲ့ ပတ်သက်ပြီး သတိပေးခြင်းခံထားရတဲ့ ယူနိုက်တက်
ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ရဲ့ စိတ်ဝင်စားမှု ကို ပယ်ချခဲ့ပြီးနောက် ဗင်ဂျမင် ဆက်စ်ကိုဟာ ဒီလအစောပိုင်းမှာပဲ ပေါင် ၇၄ သန်းနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဆလိုဗေးနီးယားလက်ရွေးစင်ကစားသမားဟာ လိုက်ပ်ဇစ်မှာ နှစ်ရာသီအတွင်း ၈၇ ပွဲ ကစားခဲ့ရာမှာ ၃၉ ဂိုး သွင်းယူပေးခဲ့ပြီးနောက် နာမည်ကျော် ကလပ်အများအပြားရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။
ဆက်စ်ကိုက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်နဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပရီးမီးယားလိဂ် ပွဲဦးထွက် ကစားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားကို ယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းပြဿနာတွေကို ဖြေရှင်းဖို့နဲ့ အတ္တလန္တာကနေ ပေါင် ၇၂ သန်းနဲ့ ရောက်ရှိလာပြီးနောက် ခြေစွမ်းမပြသနိုင်ခဲ့တဲ့ ရက်စ်မတ်စ် ဟွိုက်လန်းရဲ့ နေရာကို အစားထိုးဖို့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ဂျာမနီကွင်းလယ်ကစားသမားဟောင်း ဒစ်မား ဟာမန်းကတော့ ယူနိုက်တက်အသင်းအနေနဲ့ ဆက်စ်ကိုဟာ လီဗာပူးရဲ့ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကစားသမား ဒါဝင် နူးနက်ဇ်နဲ့ “တော်တော်လေး ဆင်တူတယ်” လို့ သတိပေးခဲ့ပါတယ်။
နူးနက်ဇ်ဟာ ၂၀၂၂ ခုနှစ်မှာ လီဗာပူးအသင်းဆီ ငွေအများကြီးနဲ့ ရောက်ရှိလာခဲ့ပေမဲ့ ဒီနွေရာသီအစောပိုင်းမှာပဲ အသင်းကနေ ရောင်းချခံခဲ့ရပါတယ်။ “ယူနိုက်တက်ပရိသတ်တွေ ဒါကိုကြားချင်မလားတော့ မသိပါဘူး။ ဒါပေမဲ့ ဘင်ဂျမင် ဆက်စ်ကိုဟာ ဒါဝင် နူးနက်ဇ်နဲ့ တော်တော်လေး ဆင်တူတဲ့ ကစားသမားတစ်ယောက်လို့ ကျွန်တော် ထင်ပါတယ်”
“ဆက်စ်ကိုမှာ ခန္ဓာကိုယ်၊ အရပ်နဲ့ အမြန်နှုန်း ရှိပါတယ်။ နူးနက်ဇ်ထက် ဘောလုံးထိန်းချုပ်မှု ပိုကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်” “သူက နည်းစနစ်ပိုင်း အရမ်းကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ။ သူက အရမ်းကို အင်အားပြည့်ဝတဲ့ လူငယ်တစ်ဦးလည်း ဖြစ်ပါတယ်။ မကြာသေးခင်နှစ်တွေအတွင်းမှာတော့ နူးနက်ဇ်နဲ့ပဲ နှိုင်းယှဉ်ရလိမ့်မယ်”
“သူ့ရဲ့ ဂိုးသွင်းနှုန်းက နူးနက်ဇ်ထက် ပိုကောင်းတယ်လို့ ကျွန်တော် ပြောပါမယ်။ ဒါပေမဲ့ သူ သက်သေပြဖို့ လိုအပ်ပါတယ်။ လိုက်ပ်ဇစ်မှာတော့ အချိန်တိုင်း လုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ အခုတော့ ယူနိုက်တက်မှာ အာရုံစိုက်မှု ခံနေရပါပြီ”
“ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း တိုက်စစ်မှူးတွေဖြစ်တဲ့ နာမည်ကြီး ကစားသမားတချို့ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး မအောင်မြင်တာကိုလည်း ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ ဒါကြောင့် လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပေမဲ့ သူ လုပ်နိုင်စွမ်းရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ဟာမန်းက ပြောပါတယ်။
နူးနက်ဇ်ဟာ လီဗာပူးအသင်းရဲ့ “အကြီးမားဆုံး အပြောင်းအရွှေ့အမှား” ဖြစ်နိုင်တယ်လို့ ဟာမန်း ပြောပြီးနောက် အခုလို နှိုင်းယှဉ်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။ နူးနက်ဇ်ဟာ ပေါင် ၈၅ သန်းတန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ လီဗာပူးအသင်းဆီ ၆ နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့ပေမဲ့ အသက် ၂၆ နှစ်အရွယ် ကစားသမားက ဒီလအစောပိုင်းမှာပဲ ဆော်ဒီလိဂ်က အယ်လ်ဟီလာအသင်းကို ရောင်းချခံခဲ့ရပါတယ်။
“ဒါဝင် နူးနက်ဇ်က လီဗာပူးရဲ့ သမိုင်းမှာ အကြီးမားဆုံး အပြောင်းအရွှေ့ အမှားပဲလားဆိုတော့ ဖြစ်နိုင်ပါတယ်။ ဒါက ဂိမ်းရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ” “ကစားသမားတွေကို ခေါ်ယူတဲ့အခါ တစ်ခါတစ်ရံမှာ အဆင်ပြေပါတယ်။ တစ်ခါတစ်ရံမှာတော့ မပြေပါဘူး”
“လူတွေက ပေါင် ၈၅ သန်းနဲ့ ခေါ်ယူမယ်ဆိုရင် ဂိုးတွေ သေချာပေါက် သွင်းပေးနိုင်မယ်လို့ တွေးခဲ့ကြပါတယ်။ ကျွန်တော်လည်း အဲ့လိုပဲ တွေးခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ကြည့်လိုက်တဲ့အခါမှာတော့ ကုန်ကျစရိတ်တွေက ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု မဖြစ်ခဲ့ပါဘူး” လို့ ဟာမန်းက ပြောပါတယ်။ ဆက်စ်ကိုဟာ လာမယ့် တနင်္ဂနွေနေ့ ဖူလ်ဟမ်အသင်းနဲ့ ကစားမယ့်ပွဲမှာ ပရီးမီးယားလိဂ် ပထမဆုံးပွဲထွက်ခွင့်ရရှိနိုင်ပါတယ်။