The network connection is lost.

Banner Image

အယ်လ်ဟီလာအသင်းဆီ ပေါင် ၄၆ သန်းနဲ့ ပြောင်းရွှေ့သွားတဲ့ ဒါဝင် နူးနက်ဇ်ကို နှုတ်ဆက်စကား ပြောကြားလိုက်တဲ့ ဆာလက်

လီဗာပူးအသင်းရဲ့ ကြယ်ပွင့်ကစားသမား မိုဟာမက်ဆာလက်ကတော့ ဥရုဂွေး တိုက်စစ်မှူး ဒါဝင် နူးနက်ဇ်ရဲ့ ဆော်ဒီချန်ပီယံ အယ်လ်ဟီလာအသင်းဆီ အပြောင်းအရွှေ့ပြီးမြောက်သွားပြီးနောက် နှုတ်ဆက်စကားတွေကို ပြောခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် နူးနက်ဇ်ဟာ အန်ဖီးလ်မှာ ၃ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ ခရီးကို အဆုံးသတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က လီဗာပူးအသင်းက ပေါင် ၄၆ သန်းတန် ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီးနောက် နူးနက်ဇ်ဟာ အယ်လ်ဟီလာ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဘင်ဖီကာကနေ ရောက်ရှိလာခဲ့တဲ့ နူးနက်ဇ်ဟာ အကောင်းဆုံး ခြေစွမ်းပြနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ အခုတော့ လီဗာပူးနဲ့ သူ့ရဲ့ဇာတ်လမ်းက ပြီးဆုံးသွားခဲ့ပါပြီ။

နည်းပြသစ် စလော့ရဲ့လက်အောက်မှာ လီဗာပူးအသင်းဟာ ဖလော်ရီယန်ဝစ်ဇ်၊ ဟူဂို အီကီတီကီနဲ့ ဂျေရမီဖရင်းပေါင်တို့ကို ခေါ်ယူခဲ့တာကြောင့် လုပ်ခလစာလျော့ချဖို့နဲ့ အသင်းမှာ ပါဝင်ဖို့မသေချာတော့တဲ့ ကစားသမားတွေကို ရောင်းချဖို့ ပြင်ဆင်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ နူးနက်ဇ်က ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ကတည်းက အသင်းအတွက် မရှိမဖြစ် တိုက်စစ်မှူးအဖြစ် ရှိနေခဲ့တဲ့ ဆာလက်ဟာ နူးနက်ဇ်နဲ့ ကွင်းပြင်ပမှာ ခင်မင်ရင်းနှီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၁၃ ရက်နေ့) က ဆာလာဟာ လူမှုကွန်ရက်ကနေ သူ့ရဲ့ ကစားဖော်ဟောင်းကို စိတ်လှုပ်ရှားဖွယ် ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။

“မင်းလို အသင်းဖော်နဲ့ သူငယ်ချင်းရခဲ့တာကို ကိုယ့်ကိုယ်ကိုယ် ကံကောင်းတယ်လို့ သတ်မှတ်ပါတယ်” “မင်းက ဘယ်နေရာကိုပဲ သွားသွား အမြဲတမ်း ပကတိအတိုင်းနေတတ်ပြီး အရမ်းကောင်းတဲ့ စွမ်းအင်ကို သယ်ဆောင်တတ်ပါတယ်။ မင်းက ကျွန်တော်တို့ကို ရယ်မောပျော်ရွှင်စေခဲ့ပြီး လုပ်ခဲ့တဲ့အရာတိုင်းမှာ စိတ်ဓာတ်ပြသခဲ့ပါတယ်။ မင်းကို လွမ်းနေမှာဖြစ်ပြီး အသင်းသစ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ဆာလက်က ရေးသားခဲ့ပါတယ်။

နူးနက်ဇ်ဟာ လီဗာပူးအတွက် ၁၄၃ ပွဲ ပါဝင်ကစားခဲ့ပြီး ဂိုး ၄၀ သွင်းယူပေးခဲ့ပါတယ်။ အသင်းနဲ့အတူ ကွန်မြူနတီဒိုင်း၊ ကာရာဘောင်းဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတွေကို ရယူခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ နူးနက်ဇ်အတွက် အထူးသဖြင့် စိန်ခေါ်မှုတွေ များခဲ့ပါတယ်။ နည်းပြ ဆလော့က လူးဝစ် ဒီယက်ဇ်နဲ့ ဒီယေဂို ဂျိုတာတို့ရဲ့ မြန်နှုန်းနဲ့ ဘက်စုံသုံးနိုင်စွမ်းကို ဦးစားပေးခဲ့တာကြောင့် နူးနက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ ၈ ပွဲသာ ပွဲထွက်ခွင့် ရခဲ့ပါတယ်။

နူးနက်ဇ်က အခန်းကဏ္ဍအသစ်တစ်ခုကို စတင်နေတဲ့အချိန်မှာ ဆာလာနဲ့ အသင်းသားတွေကတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို အာရုံစိုက်နေကြပါပြီ။သောကြာနေ့ည အန်ဖီးလ်မှာ ဘုန်းမောက်အသင်းကို လက်ခံကစားရမှာဖြစ်ပြီး နည်းပြ ဆလော့ကတော့ အသင်းရဲ့ ကစားသမားသစ်တွေအနေနဲ့ ပုံစံကောင်းတွေ ပြသနိုင်ဖို့ မျှော်လင့်နေပါတယ်။