မိုဆာလက်ရဲ့ပေါက်ကွဲသံစဉ်အင်တာဗျူးအစီအစဉ်အပြီး တိတ်ဆိတ်နေမှု ကို ဖြိုခွဲပစ်လာတဲ့ အန်းစလော့
ပြီးခဲ့တဲ့စနေနေ့၊ လိဒ်ယူနိုက်တက်နဲ့ တစ်ဖက်သုံးဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး မိုဆာလက်ရဲ့ ပေါက်ကွဲသံစဉ်တွေ ကြားခဲ့ရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သတင်းမီဒီယာတွေနဲ့ လီဗာပူးနည်းပြအန်းစလော့ မျက်နှာချင်းဆိုင်လာခဲ့ပါတယ်။
အသက်-၃၃ နှစ်အရွယ်ကစားသမားက အယ်လန်ရုတ်ဒ်မှာ သုံးပွဲဆက်အဖြစ် အရန်ခုံထိုင်ခဲ့ရပြီးနောက် သူ့ရဲ့စိတ်ပျက်နေမှုကို မဖုံးကွယ်ထားခဲ့ပါဘူး။ မိုဆာလက်က အသင်းရဲ့ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်ပိုင်းကြောင့် သူဟာ ဓါးစာခံဖြစ်ရတယ်လို့ ရှင်းပြခဲ့ပြီး နည်းပြအန်းစလော့နဲ့ သူ့အကြား ဆက်ဆံရေးပျက်ပြားသွားပြီလို့ ပြောခဲ့ပါတယ်။
အီဂျစ်သားက ဒီည၊ အင်တာမီလန်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် အီတလီမြေဆီ ခရီးထွက်လာမယ့် လီဗာပူးအသင်းလူစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။ အင်တာမီလန်နဲ့ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အန်းစလော့က လတ်တလောအခြေအနေနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို တုံ့ပြန်ဖြေကြားပေးခဲ့ပါတယ်။
မိုဆာလက်ရဲ့ပြင်းထန်လှတဲ့ပြောဆိုမှုတွေနဲ့ပတ်သက်လို့ လီဗာပူးနည်းပြက “ မိုဆာလက်အပေါ် သစ္စာဖောက်ခဲ့သလားဆိုတဲ့မေးခွန်းကို ပြန်လည်ဖြေဆိုပေးနိုင်မယ့်သူက မိုဆာလက်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ မှန်းဆပြီးပြောကြည့်လို့ရနိုင်ပေမယ့် အခုအချိန်မှာ ဒါမျိုးလုပ်ဖို့ မသင့်တော်သေးဘူးလို့ ထင်ပါတယ်။
အသင်းနဲ့အတူ အီတလီခရီးစဉ်မှာ သူမပါဝင်နိုင်ဘူးဆိုတာကို သူ့ဆီ အသိပေးခဲ့ပါတယ်။ ဒါကသာ သူနဲ့ ကျွန်တော်တို့အကြား တစ်ခုတည်းသောဆက်သွယ်မှု ဖြစ်ပါတယ်။ အမှန်ပါပဲ၊ စနေနေ့မတိုင်ခင်တုန်းကတော့ သူနဲ့ ကျွန်တော် စကားတွေ အများကြီးပြောဖြစ်ခဲ့ပါတယ်။ တခါတလေ အကြာကြီးပြောဖြစ်ပေမယ့် တခါတလေတော့ ခဏလေးပဲ ပြောဖြစ်ပါတယ်”လို့ ဆိုပါတယ်။ ဆက်လက်ပြီး အန်းစလော့က မိုဆာလက်ပြောသလို သူတို့နှစ်ဦးအကြား ဆက်ဆံရေးပျက်ပြားသွားပြီဆိုတာကို မယုံကြည်ထားပါဘူးလို့ ရှင်းပြပါတယ်။
အန်းစလော့က “ စနေနေ့ညနေပိုင်းအထိ အဲ့ဒီလိုခံစားမှုမျိုး ကျွန်တော့်ဆီမှာ လုံးဝမရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်သာ သူ့ကို ထပ်ပြီးမသုံးတော့ဘူးဆိုရင် ကစားသမားဆိုတာ နည်းပြအပေါ် သိပ်မကြည်တော့ပါဘူး။ ဒါပေမဲ့ သူက ကျွန်တော့်ရဲ့ဝန်ထမ်းတွေ၊ အသင်းဖော်တွေကို လေးလေးစားစားဆက်ဆံပြီး အပြင်းအထန်ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။
ဒါကြောင့် ပွဲစဉ်ပြီးဆုံးချိန် သူ့ရဲ့မှတ်ချက်စကားတွေကြားရတော့ ကျွန်တော်ကိုယ်တိုင်တောင် အတော်လေး အံ့သြသွားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ မိုဆာလက်ဆီမှာ ခံစားချက်ရှိ၊မရှိ ကျွန်တော်သေချာမသိပေမယ့် ကစားသမားတစ်ဦး ပွဲကစားခွင့်မရရှိချိန် စိတ်ထဲရှိတဲ့အတိုင်း ထုတ်ပြောမိတယ်ဆိုတာ ပထမဆုံးအကြိမ်လည်း မဟုတ်သလို နောက်ဆုံးအကြိမ်လည်း မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီကိစ္စအပေါ် ကျွန်တော့်ရဲ့တုံ့ပြန်ပုံ ရှင်းရှင်းလင်းလင်းဖြစ်မယ်လို့ ထင်ပါတယ်။ မိုဆာလက်ကို ဒီညပွဲစဉ်အတွက် အသင်းနဲ့အတူ မခေါ်လာခဲ့ပါဘူး”လို့ ပြောပါတယ်။ လီဗာပူးအတွက် မိုဆာလက်ရဲ့နောက်ဆုံးပွဲစဉ် ပြီးဆုံးခဲ့ပြီလားဆိုတဲ့မေးခွန်းကို အန်းစလော့က “ ကျွန်တော်လည်း ဘာမှမသိပါဘူး။ ဒါကြောင့် အခုအချိန်မှာ ဒီမေးခွန်းကို မဖြေပေးနိုင်ပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။