မိုဆာလက်နဲ့ ဘာပြဿနာမှမရှိဘူးလို့ ပြတ်ပြတ်သားသားထုတ်ပြောလိုက်တဲ့ အန်းစလော့
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအပြီး အသင်းဆီပြန်ရောက်လာတဲ့ မိုဆာလက်နဲ့ သူ့အကြားမှာ ဘာပြဿနာမှမရှိဘူးလို့ အန်းစလော့က ထပ်လောင်းပြောကြားခဲ့ပါတယ်။ မိုဆာလက်က ဒီဇင်ဘာ ၁၃ ရက်၊ ဘရိုက်တန်နဲ့ပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မာဆေးလ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် လီဗာပူးအသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာပါတယ်။
ဒီဇင်ဘာလအစောပိုင်း၊ အင်တာဗျူးအစီအစဉ်တစ်ခုအတွင်း မိုဆာလက်က သူ့အပေါ် သစ္စာဖောက်သလိုမျိုး ခံစားရတယ်လို့ ပြောဆိုခဲ့ပြီး အန်းစလော့နဲ့ဆက်ဆံရေးပျက်ပြားသွားပြီလို့ အတိအလင်းထုတ်ဖော်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အန်းစလော့ကတော့ အခုလိုအသင်းလူစာရင်းမှာ အသက်-၃၃ နှစ်အရွယ်ကစားသမား ပြန်ပါဝင်လာမှုအပေါ် ဝမ်းသာနေပြီး အရာအားလုံး အတိတ်မှာကျန်ခဲ့ပြီလို့ ပြောပါတယ်။
အန်းစလော့က “ မိုဆာလက်ပြန်ပါလာလို့ ကျွန်တော်တော့ အရမ်းဝမ်းမြောက်ပျော်ရွှင်နေပါတယ်။ သူမရှိတဲ့အခိုက်အတန့်တွေမှာ ကျွန်တော်တို့အသင်းက ပြိုင်ဘက်အတွက် အခွင့်အရေးတွေသိပ်မပေးရပေမယ့် ဖန်တီးမှုတွေ ပိုမိုပြုလုပ်လာမယ်ဆိုရင် မိုဆာလက်လိုကစားသမားမျိုးရှိနေတာ အထောက်အကူဖြစ်ပါတယ်။
ဒါက ကွင်းတွင်းမှာ မိုဆာလက်ရှိနေရင် သွင်းဂိုးနှုန်းတွေ ပိုမြင့်တက်လာမယ်လို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော်တို့အချင်းချင်းကြားမှာလည်း ဆက်ဆံရေးက အရင်အတိုင်း ပုံမှန်ပါပဲ။ ခြွင်းချက်တစ်ခုအဖြစ် အင်တာမီလန်နဲ့ပွဲစဉ်ဆီ သူ့ကို မခေါ်ယူခဲ့ပါဘူး။ တခြားပွဲစဉ်တွေအားလုံးမှာ သူက အသင်းနဲ့အတူ ရှိနေခဲ့ပါတယ်။
ဘရိုက်တန်ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ မိုဆာလက် ပါဝင်ကစားခဲ့တာကြောင့် သူ့အတွက်ရော၊ ကျွန်တော်တို့အတွက်ပါ အကောင်းဆုံးအခြေအနေမှာ နိုင်ငံ့လက်ရွေးစင်အသင်းဆီ ထွက်ခွာသွားတယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။မိုဆာလက်ပြန်လာနိုင်မှုဟာ အသစ်တဖန်စတင်ဖို့အတွက် အခွင့်အလမ်းတစ်ခုဖြစ်လာမလားဆိုတဲ့ မေးခွန်းကို အန်းစလော့က “ ဒီမေးခွန်းအတွက် အဖြေကို ပေးခဲ့ပြီးပြီလို့ ထင်ပါတယ်။ ဒီဘောလုံးရာသီမှာ မိုဆာလက်ကို ပွဲကစားခွင့်မပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ အခိုက်အတန့်တစ်ခုပဲ ရှိပါတယ်။ သူ့ကို ပွဲစဉ်ဆီမခေါ်သွားဖို့ ဆုံးဖြတ်ချိန်လည်း တစ်ခုပဲ ရှိပါတယ်။
အခြားပွဲစဉ်တွေအတွက် အသင်းလူစာရင်းမှာ မိုဆာလက်ရှိနေခဲ့ပါတယ်။ ဘရိုက်တန်နဲ့ပွဲစဉ်အတွက် ပထမဆုံးလူစားလဲလှယ်မှုက မိုဆာလက်ဖြစ်ပြီး ဒီအတွက် ကျွန်တော့်မှာ ဘာပြဿနာမှမရှိပါဘူး။ ပြင်ပကမ္ဘာကလည်း ဒါကို ပြဿနာတစ်ရပ်လို့ မရှုမြင်စေချင်ပါဘူး။ အသင်းမှာပြန်ပါဝင်ခွင့်ရရှိချိန်မှာလည်း မိုဆာလက် ပါဝင်ခဲ့ပါတယ်။ အခုအချိန်အထိ ပြဿနာရှိနေသေးတယ်လို့ ထင်နေရင် မနက်ဖြန်၊ပွဲထွက်လူစာရင်းကို စောင့်ကြည့်လိုက်ပါ”လို့ တုံ့ပြန်ပါတယ်။
ဒါပေမဲ့ မာဆေးလ်နဲ့ပွဲစဉ်အတွက် အန်းစလော့ရဲ့အသင်းမှာ မိသားစုကိစ္စတစ်ခုရှိနေတဲ့ ကိုနာတေး မပါဝင်လာပါဘူး။ အန်းစလော့က “ မိသားစုကိစ္စတစ်ခုကြောင့် ကိုနာတေး မလိုက်ပါလာပါဘူး။ ဒီကိစ္စကို ဒီမှာပဲထားခဲ့ပြီး မနက်ဖြန်ကျရင် သူနဲ့ကျွန်တော် စကားပြောရပါလိမ့်မယ်။ ဒါပေမဲ့ အခုတော့ သူက ကျွန်တော်တို့နဲ့အတူ မလိုက်လာပါဘူး”လို့ ပြောပါတယ်။