The network connection is lost.

Banner Image

ရော်ဘတ်ဆန်ကို အသင်းမှထွက်ခွာခွင့်ပေးမှာမဟုတ်ကြောင်း အရိပ်အမြွက်ပြောကြားလိုက်တဲ့ ဆလော့

လီဗာပူးနောက်ခံလူ အန်ဒီရော်ဘတ်ဆန်ဟာ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်သို့ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေကြောင်း သတင်းတွေထွက်‌ပေါ်ထားပေမယ့် အသင်းနည်းပြ အန်းဆလော့ကတော့ ကစားသမားကို အသင်းမှာ ဆက်လက်အလိုရှိနေကြောင်း ပြောကြားလာခဲ့ပါတယ်။

စနေနေ့က ဘုန်းမောက်ကို ၃-၂ နဲ့ အရေးနိမ့်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရော်ဘတ်ဆန်ဟာ လီဗာပူးအတွက် ဒုတိယပိုင်းအတွက် လူစားလဲဝင်ရောက်ကစားပေးခဲ့ပါတယ်။ အသက်-၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စကော့တလန်လက်ရွေးစင်ကစားသမားဟာ ၂၀၁၇ ခုနှစ်ကတည်းက လီဗာပူးသို့ စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး ကလပ်ရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ 

ယခုအခါမှာတော့ တော့တင်ဟမ်က ရော်ဘတ်ဆန်ကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ အလားအလာများနေကြောင်း သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ လီဗာပူးနည်းပြ ဆလော့အနေနဲ့ လက်ရှိအသင်းရဲ့ဘယ်နောက်ခံမှာ ကာကတ်ဇ်ကို အသုံးပြုလေ့ရှိပေမယ့် ရော်ဘတ်ဆန်ကိုလည်း ပုံမှန်အတိုင်း ဆက်လက်အသုံးပြုနေဆဲဖြစ်ပါတယ်။ 

ယခုအခါ ‌ရော်ဘတ်ဆန်ကို အသင်းမှာဆက်ထားဖို့ရှိမရှိမေးမြန်းခဲ့ရာ ဆလော့က "ကျွန်တော့်ရဲ့ကစားသမားအားလုံးကို အသင်းမှာ လိုအပ်ပါတယ်။ ကျွန်တော့်ရဲ့အမြင်အရ ဘုန်းမောက်နဲ့ပွဲမှာ ရော်ဘတ်ဆန်အနေနဲ့ ဒုတိယပိုင်းရောက်မှ ဝင်ကစားသင့်တယ်လို့ထင်ပါတယ်။ ဒါကြောင့်ပဲ ဒုတိယပိုင်းရောက်မှ သူ့ကို ထည့်ခဲ့တာပါ။ ဘုန်းမောက်လို ကြံ့ခိုင်မှုအားကောင်းတဲ့အသင်းတွေနဲ့ယှဉ်ပြိုင်ရရင် သူ့အနေနဲ့ မိနစ် ၉၀ လုံးကစားဖို့ ခက်ခဲနိုင်တယ်ဆိုတာ ကျွန်တော်သိထားပါတယ်။ ဒါကြောင့် သူ့ကို ပွဲမတိုင်ခင်ကတည်းက ဒုတိယပိုင်းမှအသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်"

"လက်ရှိအသင်းရဲ့ကစားသမားတွေနဲ့ ကျွန်တော်တို့ ပွဲတွေအများကြီးကစားရဖို့ရှိပါသေးတယ်။ ဒါကို လည်းရှေ့လျှောက် သေချာစီမံခန့်ခွဲသွားမှာပါ။ အသင်းမှာ ဒဏ်ရာပြဿနာတွေထပ်မတိုးလာဖို့ သေချာဂရုစိုက်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။