The network connection is lost.

Banner Image

နိုင်ငံအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုမရပါက အာဖရိက ဂန္ထဝင်အဖြစ်သတ်မှတ်ခံရမှာမဟုတ်ကြောင်း ဆာလာကို အိုကိုချာသတိပေး

အာဖရိကဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ဂျေးဂျေးအိုကိုချာနဲ့ ဂျွန်အိုဘီမီခေးလ်တို့က အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာအနေနဲ့ နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုမရပါက အာဖရိကရဲ့ဂန္ထဝင်အဖြစ် သတ်မှတ်ခံရမှာမဟုတ်ကြောင်း သတိပေးပြောကြားလာခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်ကြယ်ပွင့်တွေဖြစ်သလို နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဆင်မြူရယ်အီတူး၊ ဒီဒီယာဒရော့ဘာ၊ ယာယာတိုရေးနဲ့ ရီယက်ဒ်မာရက်ဇ်တို့အားလုံးဟာ အာဖရိကဖလားကို လက်ရွေးစင်အသင်းတွေနဲ့အတူ ဆွတ်ခူးခဲ့ဖူးကြပေမယ့် ဆာလာကတော့ အခုချိန်အထိ အီဂျစ်နဲ့အတူ အောင်မြင်မှုမရသေးတာဖြစ်ပါတယ်။

ဆာလာအနေနဲ့ အာဖရိကဆုဖလားကိုဆွတ်ခူးနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေအထိ ပုံဖော်နိုင်ခဲ့ပေမယ့် ဆုဖလားနဲ့တော့ လက်မတင်လေး လွဲချော်နေရတာဖြစ်ပါတယ်။ လာမယ့် ကြာသပတေးနေ့မှာတော့ ဆာလာဟာ အီဂျစ်အသင်းနဲ့အတူ အာဖရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဆီနီဂေါနဲ့ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ဖို့ အစွမ်းကုန်ရုန်းကန်သွားရမှာလည်းဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မတိုင်မီမှာ မီခေးလ်က "ဆာလာအနေနဲ့ ဒီဖလားကို မဖြစ်မနေရယူဖို့ ကြိုးစားရပါမယ်။ သူ့ရဲ့ပရိသတ်တွေအနေနဲ့ ပရီးမီးယားလိဂ်၊ ဒါမှမဟုတ် ချန်ပီယံလိဂ်လိုဖလားတွေရဖူးတယ်ဆိုပြီး ကာကွယ်နိုင်ပေမယ့်သူ့အနေနဲ့ ဒီဖလားကိုမရရင် ပြီးပြည့်စုံမှုရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် အာဖရိကဖလားကို သူမဖြစ်မနေဆွတ်ခူးနိုင်ဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ အိုကိုချာကလည်း "ကစားသမားတစ်ယောက်အနေနဲ့ ကလပ်အသင်းနဲ့အတူ ဘယ်လိုဖလားတွေရခဲ့ရခဲ့ နိုင်ငံအသင်းအတွက် ဆုဖလားမရယူပေးနိုင်ရင်တော့ အာဖရိကမှာ အဲဒီကစားသမားကို ဘယ်သူမှ ဂန္ထဝင်တစ်ယောက်အဖြစ် အသိအမှတ်မပြုကြပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 
ဆာလာဟာ ၂၀၁၇ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ဆုဖလားနဲ့လွဲချော်ခဲ့သလို၊ ၂၀၂၁ ခုနှစ် ဗိုလ်လုပွဲမှာလည်း အသင်းဖော်ဟောင်း ဆာဒီယိုမာနေးဦးဆောင်တဲ့ ဆီနီဂေါအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ဖူးပါတယ်။ ယခုအခါမှာတော့ ဆာလာအနေနဲ့ လာမယ့်ကြာသပတေးနေ့ ဆီနီဂေါနဲ့ယှဉ်ပြိုင်သွားရမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရှုံးကြွေးကို ပြန်ဆပ်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။