ဖရင်းပေါင်ရဲ့ဒဏ်ရာနဲ့ ခံစစ်ပိုင်းအကျပ်အတည်းအခြေအနေအကြောင်း ဖွင့်ဟပြောပြလာတဲ့ အန်းစလော့
ချန်ပီယံလိဂ်အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ကွာရာဘတ်ကို ၆-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပေမယ့် လီဗာပူးရဲ့ခံစစ်ပိုင်းဒဏ်ရာပြဿနာအကျပ်အတည်း ပိုမိုဆိုးရွားလာပါတယ်။ အခုပွဲစဉ်အတွင်း ကြွက်သားဒဏ်ရာတစ်ခုကြောင့် ကွင်းတွင်းမှ ဖရင်းပေါင်ထွက်ခွာသွားခဲ့ပြီးနောက် လီဗာပူးနည်းပြအန်းစလော့အတွက် လက်ကျန်ပွဲကစားချိန်တွေမှာ ခံစစ်ကစားသမားသုံးဦးသာ ကျန်ရှိခဲ့ပါတယ်။
ညာအစွန်ခံစစ်ကစားသမားရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ အန်းစလော့က “ ကစားသမားတစ်ဦး အခုလိုပုံစံမျိုးနဲ့ ထွက်ခွာသွားမယ်ဆိုရင် သူ့ကို စနေနေ့၊ နယူးကာဆယ်နဲ့ပွဲစဉ်အတွက် မျှော်လင့်ထားလို့မရဘူးဆိုတာ သိသာထင်ရှားပါတယ်။ ဒါကြောင့် ဖရင်းပေါင်ကို အနားပေးရဖို့ရှိပြီး အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်သွားရပါမယ်။
ဒါဟာ ကြွက်သားဒဏ်ရာတစ်ခုဖြစ်ပေမယ့် ဘယ်လောက်ကြာရှည်မလဲဆိုတာ ကျွန်တော်မသိပါဘူး။ ကြွက်သားဆိုတာ ကစားသမားတစ်ယောက်ရဲ့ဝန်ထုပ်ဝန်ပိုးနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ သူ့ရဲ့ကြွက်သားကို ဆန့်ထုတ်လိုက်သလိုဖြစ်နေလို့ အမြဲတမ်းတော့ ဒဏ်ရာမရရှိနိုင်ပေမယ့် အန္တရာယ်တော့ ရှိပါတယ်။
ဒီနေ့မှာလည်း လူတွေထင်ထားတာထက် နည်းနည်းပိုရှုပ်ထွေးတဲ့အရာတွေ ရှိလာပြီဆိုတာ ထပ်ပြီးပြသခဲ့ပါတယ်။ အဲ့ဒါအတွက် ဖရင်းပေါင်က ဥပမာကောင်းတစ်ခုပါ။ ဖရင်းပေါင်ကို ဘုန်းမောက်နဲ့ပွဲစဉ်မှာ လူစားလဲလိုက်လို့ ပရိသတ်တွေရဲ့စိတ်အနှောင့်အယှက်ဖြစ်မှုအပေါ် နားလည်ပေးနိုင်မလားဆိုတဲ့ မေးခွန်းတစ်ခု ရရှိခဲ့တယ်လို့ ထင်ပါတယ်။ သူ့ကို အနားပေးရင်းတောင် ဒဏ်ရာရရှိသွားပြီဖြစ်လို့ ဒီပရိသတ်တွေကိုယ်တိုင် မတူညီတဲ့ အခြားအမြင်တစ်ခုရှိသင့်ပြီလို့ ထင်ပါတယ်။ ပွဲမတိုင်ခင်တစ်ရက်မှာလည်း ဖရင်းပေါင်က ဘွန်ဒက်စ်လီဂါနဲ့ ပရီးမီးယားလိဂ် ဘယ်လောက်ကွာခြားသလဲဆိုတာ ထိုင်ပြောနေခဲ့တယ်လို့ ထင်ပါတယ်။
ကျွန်တော့်အတွက် ဒီအချက်တွေကိုထည့်သွင်းစဉ်းစားဖို့ မဖြစ်မနေလိုအပ်ပြီး မကြာသေးခင်ကပဲ သူ့ကို ပွဲကစားချိန်တွေ အများကြီးပေးခဲ့မိပါတယ်။ ကျွန်တော့်တို့ရဲ့နောက်ထပ်ညာအစွန်ခံစစ်ကစားသမားတစ်ဦးကလည်း ရာသီကုန်အထိအနားယူရဖို့ရှိနေလို့ သူ့အတွက်ရော၊ ကျွန်တော်တို့အတွက်ပါ ဝမ်းနည်းစရာကောင်းပါတယ်။ ဒါပေမဲ့ နည်းလမ်းတစ်ခုတော့ ကျွန်တော်တို့ ရှာဖွေနိုင်ပါလိမ့်မယ်။ ဒီနေ့မှာမြင်တေ့ွရသလိုပဲ နည်းလမ်းက တိုက်စစ်ကို အတက်နိုင်ဆုံး ဦးစားပေးပါမယ်။ ဒီနေ့လိုပဲ ကစားသမားတွေကို နေရာအလှည့်အပြောင်းတွေ ပြုလုပ်သွားပါမယ်”လို့ ပြောပါတယ်။
အန်းစလော့က ကွာရာဘတ်နဲ့ပွဲစဉ်အတွက် ဗဟိုခံစစ်ပိုင်းမှာ ကွင်းလယ်လူဂရာဗန်ဘတ်ချ်ကို နေရာပေးခဲ့သလို ဒဏ်ရာရရှိသွားတဲ့ဖရင်းပေါင်အတွက် ညာနောက်ခံလူနေရာမှာ နောက်ထပ်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ အန်ဒိုကို အစားထိုးခဲ့ပါတယ်။ လီဗာပူးနည်းပြက ဂျိုးဂိုးမက်ဇ်၊ ဘရက်ဒ်လေနဲ့ လီယိုနီတို့ကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်ထားရသလို ဖခင်နာရေးဖြစ်နေတဲ့ ကိုနာတေးကိုလည်း ခွင့်ရက်အချို့ပေးထားပါတယ်။
ညာနောက်ခံလူနေရာမှာကစားနိုင်တဲ့ ကွင်းလယ်လူကာတစ်ဂျုံးစ်ကတော့ ကွာရာဘတ်နဲ့ပွဲစဉ်ကို အဖျားဝေဒနာကြောင့် လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့ အန်းစလော့က ဂျိုးဂိုးမက်ဇ်ရဲ့အခြေအနေကို သံသယနဲ့စောင့်ကြည့်နေပေမယ့် လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ကိုနာတေးပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။
အန်းစလော့က “ ကာတစ်ဂျုံးစ်နေမကောင်းလို့ ဘယ်လိုအခြေအနေရှိမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ ဂျိုးဂိုးမက်ဇ်ကိုတော့ ပြောဖို့ခက်ခဲနေပေမယ့် ကိုနာတေးပြန်ပါဝင်လာဖို့ မျှော်လင့်နေပါတယ်။ ဒါကိုတော့ အခုထိ အာမခံဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ ကိုနာတေးပြန်ပါဝင်လာပြီး ဂျိုးဂိုးမက်ဇ်ကြံ့ခိုင်မှုပြည့်ဝနေဖို့ မျှော်လင့်နေပါတယ်”လို့ ပြောပါတယ်။
ခံစစ်ပိုင်းအတွက် ရေတိုဖြေရှင်းနိုင်ဖို့ အပြောင်းအရွှေ့ဈေးကွက်ဆီ ကြိုးကြာနီတွေ ဦးတည်လာနိုင်သလားဆိုတဲ့ မေးခွန်းကို အန်းစလော့က “ ကလပ်အသင်းတစ်ခုအဖြစ် ကျွန်တော်တို့က ဆုံးဖြတ်ချက်တွေကို အမြဲတမ်းချမှတ်ပါတယ်။အနည်းဆုံးတော့ ရေတိုအတွက်သာမက ရေရှည်ကိုပါ ကြည့်ရှုလို့ လိမ္မာပါးနပ်တဲ့ ဆုံးဖြတ်ချက်တွေလို့ ယူဆရပါတယ်။ ဒါကြောင့် ငယ်ရွယ်တဲ့ကစားသမားတွေကို ခေါ်ယူခဲ့တာပါ။ အရမ်းကောင်းတဲ့ကစားသမားတွေပါ။ ဒါပေမဲ့ တိုးတက်နိုင်သေးတဲ့ လူငယ်လေးတွေ ဖြစ်ပါတယ်။
ဒါတွေအားလုံးက ကျွန်တော်တို့အတွက် အကူအညီဖြစ်စေနိုင်မယ့်ကစားသမား ရှိ၊မရှိဆိုတာနဲ့ ရှိလာရင်ရော ဝယ်ယူနိုင်မလားဆိုတာအပေါ် အမြဲတမ်းမူတည်ပါတယ်။ ကျွန်တော်တို့ရဲ့ဒဏ်ရာရကစားသမားတွေ ပြန်လာဖို့လည်းရှိနေလို့ ရေရှည်အတွက်ရော အထောက်အကူဖြစ်စေမလားဆိုတာ စဉ်းစားရပါတယ်။ညာနောက်ခံလူလေးဦး၊ ကွင်းလယ်ကစားသမား ၁၂ ဦးနဲ့ အထောင်တိုက်စစ်မှူး သုံး၊လေးဦး ပိုင်ဆိုင်ထားတဲ့ အသင်းဆိုတာ မရှိပါဘူး။ ဒီမှာ အဲ့ဒီလိုပုံစံမျိုး အလုပ်မလုပ်ပါဘူး။
မကြာခင်ရောက်ရှိလာမယ့်အနာဂတ်အတွက်ရော၊ ရေရှည်အနာဂတ်အတွက်ပါ လိမ္မာပါးနပ်တဲ့အရာတွေကို လုပ်သွားရပါမယ်။ ဖရင်းပေါင်ရဲ့အခြေအနေ ဘယ်လိုရှိမလဲဆိုတာ အရင်ဆုံးကြည့်လိုက်ကြရအောင်။ စနေနေ့ပွဲစဉ်အတွက် သူ မကစားနိုင်ဘူးဆိုရင်တောင် တစ်ရက်၊ နှစ်ရက်လောက်ကြာရင် သူ ကစားပေးနိုင်ပါလိမ့်မယ်။
အခု၊ ပွဲစဉ်ဇယားကလည်း တစ်ပတ်တစ်ပွဲနှုန်းပဲ ရှိနိုင်လို့ ဒဏ်ရာပြဿနာတွေ နည်းပါးသွားနိုင်ပါတယ်။ ဒါပေမဲ့ သိပ်မသေချာပါဘူး”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။